Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော်ရဆရာ ဒေါက်တာမောရစ်လျန်နာနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီတို့သည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့သို့ တက်ရောက်လေ့လာသည့် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော်ရဆရာ ဒေါက်တာမောရစ်လျန်နာနှင့် တွဲဖက်အတွင်းရေးမှူး (၁) သိက္ခာတော်ရဆရာ ဦးစောချစ်မျိုးတို့ ဦးဆောင်သည့်အဖွဲ့အား လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် သိက္ခာတော်ရဆရာ ဦးစောချစ်မျိုးက သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးအတွက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ကူညီဆောင်ရွက်နေမှုများ၊ မြန်မာပြည်ငြိမ်းချမ်း ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ငြိမ်းချမ်းရေးဆုတောင်းပွဲများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းမှုရှိမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ ငြိမ်းချမ်းရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားသည်။

အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီဝင်များက ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့အား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

သတင်းစဉ်