နေပြည်တော် ဇူလိုင် ၁၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ B- Annex သင်တန်းခန်းမ၌ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပြည်သူ့ငွေစာရင်းကော်မတီနှင့် စပ်လျဉ်းသည့်သင်တန်းသို့ တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအတွက် စွမ်းရည်မြှင့်တင်ရေးကဏ္ဍကို ဆောင်ရွက်သည့်နေရာတွင် ပြည်သူ့ငွေစာရင်းကော်မတီသည် အရေးပါသည့် အမြဲတမ်းကော်မတီတစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် လွှတ်တော်အခန်းကဏ္ဍမြင့်မားတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ကြရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်က ရွေးကောက်ပွဲမှတစ်ဆင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ စုစည်းရာနေရာတစ်ခုဖြစ်ပြီး လွှတ်တော်ကော်မတီများက အခြေခံကျသော ဒေါက်တိုင်များဖြစ်ပါကြောင်း။
လွှတ်တော်ကော်မတီများအနက် အရေးပါသည့် အမြဲတမ်းကော်မတီများတွင် ပါဝင်သော ပြည်သူ့ငွေစာရင်းကော်မတီသည် ပြည်သူ့ဘဏ္ဍာငွေကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန်နှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တည်ဆောက်ရာတွင် အထောက်အကူပြုသည့် ကော်မတီဖြစ်သည်နှင့်အညီ ယခုသင်တန်းသည် အရေးကြီးဆုံးသင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးကြသည့်နိုင်ငံများတွင် လွှတ်တော်သည်ဥပဒေပြုရေးကို တာဝန်ယူရသည်သာမက ပြည်သူ့ဘဏ္ဍာကို စောင့်ရှောက်ထိန်းသိမ်းရန်လည်း တာဝန်ရှိပါကြောင်း၊ ပြည်သူများ၏ အခွန်၊ ဝင်ငွေ၊ ချေးငွေနှင့် စုဆောင်းငွေ စသည်တို့ကို လေလွင့်မှုမရှိစေရန်၊ ထိရောက်စွာအသုံးပြုနိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်ကို ကူညီစစ်ဆေးစီမံပေးရပါကြောင်း၊ ထို့ပြင် ပြည်သူ့ဘဏ္ဍာငွေများနှင့်ပတ်သက်ပြီး စစ်ဆေးရန်မှာ လွှတ်တော်၏ အခြေခံတာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ အောင်မြင်မှုကို အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာခြင်းနှင့် ဘဏ္ဍာငွေလေလွင့်မှု နည်းပါးလာခြင်းများဖြင့် တိုင်းတာရမည်ဖြစ်ပြီး ပြည်သူများအတွက် ပိုမိုအကျိုးခံစားခွင့်ရရှိလာမည်လည်း ဖြစ်ပါကြောင်း။
နိုင်ငံတကာလွှတ်တော်များတွင် ဖွဲ့စည်းထားရှိသော ပြည်သူ့ငွေစာရင်းကော်မတီသည် ပွင့်လင်း မြင်သာမှု (Transparency)၊ တာဝန်ခံမှု (Accountability) နှင့် ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) တို့ကို မြှင့်တင်ပေးသည့်နေရာတွင် အရေးပါသောယန္တရားအဖြစ် သတ်မှတ်ခံထားရပါကြောင်း၊ ယနေ့ခေတ်တွင် ငွေအသုံးဝင်မှုတန်ဖိုး (Value of Money) ဟူသည့် အယူအဆသည် တစ်နေ့ထက်တစ်နေ့ အလွန်အရေးကြီးလာပါကြောင်း၊ ငွေများသည် သုံးစွဲရန် သက်သက်သာမဟုတ်ဘဲ အသုံးစရိတ်များသည် ပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းမှု ရှိ ၊ မရှိကို ဆက်လက်သုံးသပ်ရမည်ဖြစ်ပြီး ၎င်းသည် Performance Audit ၏ အခြေခံသဘောတရားပင်ဖြစ်ပါကြောင်း။
ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင်များအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များထဲတွင် ပါရှိသည့်အတိုင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာများအား လေ့လာခြင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဘတ်ဂျက်ရေးဆွဲမှု၊ စီမံကိန်းများ အကဲဖြတ်မှု၊ ဘေးအန္တရာယ်စီမံမှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ ကော်မတီ၏ အကြံပြုချက်များသည် ကောင်းမွန်သော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် ဦးတည်ဆောင်ရွက်သင့်ပါကြောင်း၊ ယခုသင်တန်းသည် ငွေစာရင်းဆိုင်ရာ အသိပညာတိုးပွားရေးသာမက ကော်မတီ၏စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လွှတ်တော်၏ စောင့်ကြည့်ထိန်းကျောင်းရေး၊ ဘဏ္ဍာရေးစည်းမျဉ်းများ ခိုင်မာအားကောင်းစေရေးစသည်တို့အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လျက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပို့ချဆွေးနွေးချက်များအပေါ် အာရုံစိုက်ပြီး အပြန်အလှန် မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို ကာကွယ်စောင့်ရှောက်ခြင်းသည် မိမိတို့လွှတ်တော်၏ ဂုဏ်သိက္ခာမြှင့်တင်ခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီသည် ခိုင်မာတောင့်တင်းသည့် လွှတ်တော်အဖြစ် ဖန်တီးနိုင်ရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်အထောက်အကူပြု ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော် (ကော့ကရိတ်မဲဆန္ဒနယ်) က ဆွေးနွေးပို့ချသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းကော်မတီရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချမှုများအပေါ် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားလွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့ပြင် နံနက်ပိုင်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ ဖတ်ရှုနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် (ငြိမ်း) ဦးအုန်းသန်းက ပေးအပ်လှူဒါန်းသည့် အမျိုးသားညီလာခံမှတ်တမ်းများ၊ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့မှ အချက်အလက်များကိုအခြေခံ၍ စုဆောင်းတင်ပြထားသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အနှစ်သာရများအမည်ရှိ စာအုပ် ၅၀ အား လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
စာအုပ်လှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
