Skip to main content

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAOs) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်နှင့် ရရှိပြီးသားဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAOs) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) က NCA ၏ အနှစ်သာရနှင့် အောင်မြင်မှုများအပေါ် အခြေခံသော ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်အား ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲပထမရက်၌ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေးကြသည်။

ယင်းနောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းရရှိမှုများအား မှတ်တမ်းတင်ဆောင်ရွက်ရာတွင် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် သက်ဆိုင်သူများပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေး၊ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရေး၊ EAO များ အခြေပြုရာဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်စပ်အကောင်အထည်ဖော်ရေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၌ ပြည်သူလူထုအခြေပြုဆွေးနွေးပွဲများ၊ ဖိုရမ်များအား ကျင်းပပြုလုပ်ရာတွင် သက်ဆိုင်ရာ NCA-S EAOs များက ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း/ ပြည်ပ နည်းပညာအကူအညီများ ရယူရေး၊ အလွတ်သဘောတွေ့ဆုံမှုများနှင့် Bilateral တွေ့ဆုံမှုများ ဆက်လက်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာဆွေးနွေးချက်များမှ NCA ၏ အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ ကင်းကွာနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး၊ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားနိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ သဘောထားစုစည်းချက်များအား မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်