နေပြည်တော် ဇူလိုင် ၂၃
သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင်လာရောက်ပြီး ဝန်ဆောင်မှုရယူမည့် သက်ကြီးပုဂ္ဂိုလ်များအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊ အပန်းဖြေအနားယူမှုနှင့် မိမိ၏အသိပညာများ ပြန်လည်ဝေမျှပေးနိုင်မှု၊ ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှု စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားရန်၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများအနေဖြင့် စေတနာ၊ ဝါသနာနှင့် ကရုဏာတို့ဖြင့် သက်ကြီးပုဂ္ဂိုလ်များကို မိမိတို့၏ မိဘဘိုးဘွားများကဲ့သို့ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် ကလေးပြုစုစောင့်ရှောက်ရေးဌာန၌ ကျင်းပသည့် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (နေပြည်တော်) ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့က ဂေဟာကို ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတက်ရောက်သည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ သက်ကြီးပုဂ္ဂိုလ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ကြည့်ရှုအားပေးကြသည်။
သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ စံနမူနာပြအဖြစ် ပထမဆုံးဖွင့်လှစ်ခဲ့ပြီး ယနေ့ နေပြည်တော်၌ဖွင့်လှစ်သည့်ဂေဟာသည် ဒုတိယမြောက်ဖွင့်လှစ်နိုင်ခဲ့သည့် ဂေဟာဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပြီး ဝန်ကြီးဌာနနှင့် UNFPA အကြား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သော ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားရေး (Gender Equality and Women’s Empowerment – GEWE) လုပ်ငန်းအစီအစဉ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
