Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ပိုးစားတော-သရက်တော-တက်ရှိန်း ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်

နေပြည်တော်  ဇန်နဝါရီ ၂၇

နေပြည်တော် ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာတွင်  ယမန်နေ့နံနက် ၁၀ နာရီက ပိုးစားတော-သရက်တော-တက်ရှိန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ကွန်ကရစ်လမ်းသစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်းနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ပိုးစားတော-သရက်တော-တက်ရှိန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း အရှည်(၂၁၆၀၀)ပေ အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၃၈၇)သန်းဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တက်ရှိန်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင်ပြုလုပ်သည့် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်၍ ပြည်သူများ၏ တကယ်လိုအပ်ချက်များကို ကြားနာရန် လာရောက်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ပြည်သူများ၏ တင်ပြမှုများကို လည်း အလေးအနက်ထား နားထောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ကျေးဇူးတင်စကား ပြောကြားပြီး ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများမှ ကျေးရွာအတွင်းရှိ မီးလင်း ရန် ကျန်ရှိနေသည့် အိမ်ထောင်စုများအား လျှပ်စစ်မီးများရရှိရေး၊ ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ ကျေးလက်ဆေးပေးခန်း အဆင့်မြှင့်တင်ပေးနိုင်ရေး၊ မွေးမြူရေး လိုင်စင်ထုတ်ပေးနိုင်ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများပြန်လည်ရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ ဦးညီထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ ဦးညီထွန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ကို(ပြန်/ဆက်)