Skip to main content

နိုင်ငံတော်အစိုးရ၏ ရက် (၁ဝဝ) စီမံချက်တွင်ပါဝင်သည့် ရန်ကုန် - ပြည်ရထားလမ်းပိုင်း၌ အမှတ် (၇၃) အဆန်/ အမှတ် (၇၄) အစုန် ရထားအား DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ

ရန်ကုန် ဇူလိုင် ၃၁

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ရန်ကုန် - ပြည် - ရန်ကုန်ခရီးစဉ်ကို ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာနှင့် သက်သောင့်သက်သာ စီးနင်းလိုက်ပါနိုင်ရေး ဝန်ဆောင်မှုတိုးမြှင့်ပေးရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မေ ၁ ရက်တွင် ရန်ကုန်-မန္တလေး အသွားအပြန်ခရီးစဉ်၊ ဇူလိုင် ၁ ရက်တွင် ရန်ကုန်-မော်လမြိုင် ခရီးစဉ်တို့ကို ခေတ်မီလေအေးပေးစက်ပါ DEMU ရထားများဖြင့်လည်းကောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၏ မြစ်ကြီးနား-မိုးညှင်းခရီးစဉ်ကို ဇူလိုင် ၂၁ ရက်တွင် ဒီဇယ်လျှပ်စစ်ရထားများဖြင့်လည်းကောင်း ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်တွင် ပါဝင်သည့် ရန်ကုန်-ပြည်ရထားလမ်းပိုင်း၌ အမှတ် (၇၃) အဆန်/ အမှတ် (၇၄) အစုန်ရထားအား DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံတွင် ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အမှာစကားပြောကြားစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၌ ၁၈၇၇ ခုနှစ်မေ ၁ ရက်တွင် ပထမဆုံးရထားပြေးဆွဲခဲ့သည့် ရထားလမ်းပိုင်းဖြစ်သောကြောင့် ထူးခြားဂုဏ်ယူဖွယ်ရာကောင်းသောနေ့ တစ်နေ့ဖြစ်သည်။ မြန်မာ့မီးရထားလုပ်ငန်းသည် မဟာဗျူဟာအရ အရေးကြီးသော Public Transportation လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်များတိုးချဲ့ပြီး ဈေးနှုန်းသက်သာစွာဖြင့် ပို့ဆောင်နိုင်ရေး ဖြည့်ဆည်းစီမံဆောင်ရွက်ပေးလျက်ရှိသည်။ 

နိုင်ငံတော်သမ္မတက ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းများ၊ ကားလမ်းများ၊ တံတားများနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် အလေးအနက်ထား လမ်းညွှန်မှုပြုထားသည်။ 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ကြသည်။

နံနက် ၄ နာရီ မိနစ် ၄၀ တွင် အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ သမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာမှု မှတ်တမ်း Video ကို ပြသသည်။ 

ထို့ပြင် ရန်ကုန်-ပြည်ခရီးစဉ်အဖြစ် စတင်ပြေးဆွဲမည့် အမှတ် (၇၃) အဆန် ခေတ်မီ DEMU ရထားတွဲဆိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ စတင်ထွက်ခွာမည့် စက်ခေါင်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်း၊ ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ကာ နံနက် ၅ နာရီခွဲတွင် ရန်ကုန်ဘူတာကြီးမှ ပြည်သို့ထွက်ခွာမည့် အမှတ်(၇၃) အဆန် DEMU ရထားအား ပြည်ထောင်စုဝန်ကြီးက စက်ခလုတ်နှိပ်၍ ရထားထွက်ခွာခွင့်ကို ခွင့်ပြုပေးခဲ့သည်။

ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် အဖွဲ့က ပြည်အထိ ခရီးသွားမိဘပြည်သူများနှင့်အတူ လိုက်ပါစီးနင်းခဲ့ပြီး ရထားခရီးစဉ်တစ်လျှောက် ရပ်နားသည့် ဘူတာများတွင် ပြည်သူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲတွင် ပြည်ဘူတာသို့ ရောက်ရှိကြပြီး ပြည်ဘူတာ အမှတ် (၁) စင်္ကြံတွင် အမှတ် (၇၄) အစုန် ပြည်-ရန်ကုန်ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် ခရီးသည်များအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယနေ့ စတင်ပြေးဆွဲခဲ့သည့် ရန်ကုန်-ပြည်-ရန်ကုန် DEMU ရထားများသည် ရန်ကုန်ဘူတာကြီးမှ နေ့စဉ် နံနက် ၅ နာရီခွဲတွင် ထွက်ခွာ၍ ပြည်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ပြည်ဘူတာမှ မွန်းလွဲ ၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကာ စုစုပေါင်းပြေးဆွဲချိန်မှာ ၆ နာရီခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း၊ ရန်ကုန်-ပြည်-ရန်ကုန်ကို နေ့ချင်းပြန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်