နေပြည်တော် ဇူလိုင် ၃၁
အမရပူရမြို့နယ်၌ ငွေကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် ကလောမြို့နယ်၌ ငွေကျပ် ၁၃၀ ဒသမ ၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၂၈ ရက် ည ၇ နာရီခွဲတွင် အမရပူရမြို့နယ် ဆင်ဘိုးကျေးရွာအုပ်စု မင်းတည်း ကုန်းရွာအနီး မြစ်ငယ် - ထုံးဘိုသွားလမ်းတွင် နောင်ချိုမြို့နယ် မယ်ဟုန်ရွာနေ မြင့်ဦး (၃၂) နှစ်၊ ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်နေ မျိုးဇော်ဦး (ခ) သာကျော် (၃၆) နှစ်၊ ကျောက်ဆည်မြို့နယ် ရမန်းရွာနေ ရဲထွန်း (၃၈) နှစ်နှင့် ပြင်ဦးလွင်မြို့နယ် ပြင်ကြီးရွာနေ မောင်ဝင်း (၅၂) နှစ်တို့အား ဆိုင်ကယ်လေးစီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထား သော ၎င်းတို့ လေးဦးသယ်ဆောင်လာသည့် ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၄၄၀၀) အား ဖမ်းဆီးရမိသဖြင့် မြင့်ဦး၊ မျိုးဇော်ဦး (ခ) သာကျော်၊ ရဲထွန်းနှင့် မောင်ဝင်းတို့ လေးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့အတူ ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလောမြို့နယ် လွယ်အံကျေးရွာအုပ်စု ကျောက်တန်းရွာနေ စိန်ညွန့် (ခ) သန်းထွန်း (၆၁) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွဆေးပြား ၂၂၂၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၁၁ သိန်း)နှင့် ဘိန်းဆီခဲ ၁ ဒသမ ၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ၎င်း ဒေသတန်ဖိုး ငွေကျပ် ၁၉ ဒသမ ၅ သိန်း) ကို ဖမ်းဆီးရမိသဖြင့် စိန်ညွန့် (ခ) သန်းထွန်းအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
