နေပြည်တော် ဩဂုတ် ၂
အင်းလေးဒေသ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက် အမှိုက်များစွန့်ပစ်ခြင်းနှင့် ကျန်းမာသန့်ရှင်းရေးအတွက် အိမ်သာသုံးစွဲရာတွင် တိုက်ရိုက်အညစ်အကြေး စွန့်ပစ်ခြင်းတို့အစား ပိုမိုကောင်းမွန်သော စနစ် Bio Septic Tank များ အစားထိုးသုံးစွဲနိုင်ရေးကို ဒေသခံများနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အင်းလေးဒေသရှိ ဟဲယာရွာမကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာတွင် စုပေါင်းရေပေးရေး လုပ်ငန်း၊ အင်းလေးဒေသတွင်းရှိ ငလျင်ဘေးသင့် ကျေးရွာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ Bio Septic Tank များ ပြောင်းလဲသုံးစွဲရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့သွားရောက်စဉ် ဟဲယာရွာမကျေးရွာ၌ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အင်းလေးကန် ရေရှည်ထိန်းသိမ်းရေးအတွက် Bio Septic Tank များ အစားထိုးသုံးစွဲခြင်းကဲ့သို့ ပိုမိုကောင်းမွန်သောစနစ်များကို အိမ်ထောင်စုတစ်စုချင်း၊ ကျေးရွာတစ်ခုချင်း ပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဌာနအားလုံးကလည်း ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေး မှာကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ညောင်ရွှေမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း(Smart Village) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအတွက် စီမံကိန်းထောက်ပံ့ရန်ပုံငွေများအား ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ခရီးစဉ်အတွင်း အေးသာယာမြို့၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် အခြေခံအပ်ချုပ် စက်သင်တန်းမှ သင်တန်းသူများကိုလည်း သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
