Skip to main content

ပညာသင်ကြားရေးတွင် ဘာသာစကားအဟန့်အတားကြောင့် ကျောင်းထွက်မှုနှုန်း လျော့နည်းစေရန် ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားဖြင့် ထပ်ဆင့်ရှင်းလင်း သင်ကြားပေးလျက်ရှိ

ရန်ကုန် ဩဂုတ် ၂

ပညာသင်ကြားရေးတွင် ဘာသာစကား အဟန့်အတားကြောင့် ကျောင်းထွက်မှုနှုန်း လျော့နည်းစေရန်ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားဖြင့် ထပ်ဆင့်ရှင်းလင်းသင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားဘာသာ သင်ကြားရေးအထောက်အကူပြု ဆရာ ဆရာမများ ခန့်ထားနိုင်ရေးကို ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်မှစတင်ကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ယနေ့ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော တိုင်းရင်းသားစာပေသင်ကြားရေးအထောက်အကူပြု Teaching Assistant (TA) နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher (LT) ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယနေ့တိုင်းရင်းသားဘာသာစာပေသင် ဆရာ ဆရာမများနှင့် တွေ့ဆုံရသည့်အကြောင်းရင်းသည် ဆရာ ဆရာမများ ကြုံတွေ့နေရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရန်နှင့် ပိုမိုတိုးတက်သင်ကြားနိုင်ရန် ဖြစ်သည့်အတွက် အခက်အခဲများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များနှင့် တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမများက အမြဲတမ်းဝန်ထမ်းအဖြစ် ကူးပြောင်းခွင့်ရရှိရေး၊ ထူးချွန်ကျောင်းသားကျောင်းသူများအား ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးနိုင်ရေးအပါအဝင် လက်တွေ့လုပ်ငန်းခွင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ ဆွေးနွေးတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်