ပုသိမ် ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဆန်ရိက္ခာ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာကျောင်းတိုက် ဓမ္မာရုံသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ငဝန်ရေကာတာ တာမိုင် ၂၅/၃ မိုင်တွင် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့ပါကြောင်း၊ ရေစီးကြောင်းအရှိန်လျော့ချ၍ ပိတ်ဖို့ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ ပြည်သူများ ကြုံတွေ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်၍ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကားများနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ကျန်းမာရေးအသိပညာပေး ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာသို့ရောက်ရှိ၍ ညောင်ဝိုင်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ပေါက်ကုန်းကျေးရွာကျောင်းတိုက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်သည့် ပန်းတာအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှေ့ဘက်တာဟောင်းမှ ရေလမ်းကြောင်းထိန်းတုတ်တန်းအပြီးသတ်ဆောင်ရွက်ပြီးစီးမှု၊ ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လိုအပ်သောတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပန်းတာရေဝင်ပေါက်ရေကာတုတ်တန်း လက်ဝဲ/လက်ယာ စတင်ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် ပစ္စည်းများစုဆောင်းထားရှိမှု၊ ရေနက်စီးကြောင်းပိတ်ဖို့ဟန့်တားရန်အတွက် Geo Bag အိတ်များ ချုပ်လုပ်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများတွင် ရေဝင်ရောက်ချိန်မှ စတင်၍ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပရဟိတအဖွဲ့များ၊ တစ်ဦးချင်း အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များကလည်း ကွပ်ကဲရေးရုံးများနှင့် ချိတ်ဆက်၍ နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရှိရပါသည်။
လှမင်းထွဋ်(ပြန်/ဆက်)
