နေပြည်တော် ဩဂုတ် ၆
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့ဖူဆယ် (အမျိုးသား) အုပ်စုပတ်လည်ပွဲစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ၂၆ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၁၀ ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ သာသနာရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ခုနစ်ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းကို ၂၆ ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းကို ခြောက်ဂိုး - နှစ်ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဩဂုတ် ၇ ရက်တွင် ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းနှင့် ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ အားကစားဝါသနာရှင်များ မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်
