Skip to main content

ကလောစာတိုက်(ဟောင်း)၊ ကလောရေကူးကန်နှင့် နားနေစခန်း(ကလောကလပ်)တို့ကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများအဖြစ် ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်

ကလော ဩဂုတ် ၆

ကလောမြို့သည် ခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်လေ့ရှိသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ရာ ကလောမြို့ရှိ ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ကလောစာတိုက် (ဟောင်း)၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်) တို့ကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့တွင် ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါကြေးပြားကမ္ပည်း မော်ကွန်းတပ်ဆင်ပွဲများတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့်အတွက် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ကမ္ပည်းမော်ကွန်းကို ဖွင့်လှစ်ပေးသည်။

ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာတန်ဖိုးမြင့်မားပြီး နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်သင့်သည့် နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံပေါင်း ၆၁၀၅ လုံးကို ဥပဒေ၊ နည်းဥပဒေအရ သတ်မှတ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ ရှမ်းပြည်နယ်တွင် ရှေးဟောင်းအဆောက်အအုံ ၂၃ လုံးအနက် ကြေးပြားကမ္ပည်းမော်ကွန်းကပ်ထားပြီး ခုနစ်ခု၊ ယနေ့ နှစ်ခုအပါအဝင် စုစုပေါင်း ကိုးခုရှိပြီဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသော ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ထားသည့် အဆောက်အအုံများနှင့် ၁၉၁၅ ခုနှစ်က စတင်တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း (၁၁၁) နှစ် သက်တမ်းရှိ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ထားသည့် ကလောဘူတာကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကလောမြို့သို့ ပြည်တွင်းပြည်ပ ခရီးသွားများ မီးရထားဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးမှာကြားသည်။

ထို့ပြင် ကလောမြို့ နိုင်ငံပိုင် Kalaw Heritage Hotel ကို ကြည့်ရှုစစ်ဆေးပြီး ဒေသထွက် လက်မှုအနုပညာပစ္စည်းများ ခင်းကျင်းထားရှိ၍ ဒေသထွက် ရိုးရာအစားအစာများကို အဆင့်အတန်းမီစွာ ချက်ပြုတ်ပြင်ဆင်ရေး၊ ဟိုတယ်ရှိ ရှေးဟောင်းအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး အဆင့်အတန်းမီ ဟိုတယ်ဖြစ်စေရန် ကြိုးစားဆောင်ရွက်ရေးမှာကြားပြီး သဘာဝအခြေခံ စွန့်စားအပန်းဖြေခရီးသွားလုပ်ငန်း ဖော်ဆောင်လျက်ရှိသည့် Kalawe Adventure Park နှင့် မောမြေဦးပန်းခြံ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်