Skip to main content

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ‌ရေ‌ကျော်လျက်ရှိ

မတ္တရာ  ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုများပြားလာသည့်အတွက် ရေထိန်းညှိလျှော့ချခြင်းများပြုလုပ်ခဲ့သည့်အတွက် ချောင်းမကြီးအနီးရှိကျေးရွာများ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း တံငါတောင်ကျေးရွာအနီးမိုင်တိုင်အမှတ် ၂၅/၁နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့်ရေကျော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ‌ရေကျော်နေမှုအခြေအနေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်၊  အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးအောင်အောင်ထွန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်၍ ခရီးသွားကားများအဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေး၊ လမ်းချော်မှုမဖြစ်ပွားစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ နေအိမ်အတွင်းနှင့် အုတ်စက်ရုံများတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ပေဖြစ်ပြီး ယနေ့နံနက် တိုင်းတာချက်မှာ ၄၁၇ ဒသမ ၈ ပေသို့ရောက်ရှိနေပြီး ရေတံခါးငါးပေါက်အား နှစ်ပေစီနှင့် ရေတံခါးနှစ်ပေါက်အားတစ်ပေစီ ထိန်းညှိလွှတ်ထားကြောင်းသိရသည်။

ရွှေရာသား