မြစ်ကြီးနား ဇန်နဝါရီ ၂၇
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ဝူဟန်ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို ကချင်ပြည်နယ်အတွင်းရှိ မြန်မာ - တရုတ် နယ်စပ် ဝင်/ထွက်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကန်ပိုက်တီနှင့် ပန်ဝါနယ်စပ် ဂိတ်များတွင် မြို့အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ ဦးဆောင်၍ ဌာနဆိုင်ရာစုပေါင်းအဖွဲ့များဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။
ကန်ပိုက်တီမြို့၌ တရုတ်-မြန်မာချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းအနီး၌ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းကို ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကာ စစ်ဆေးရေးအခြေအနေနှင့် ပတ်သက်ပြီး ကန်ပိုက်တီမြို့အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က “ကျွန်တော်တို့ ယာယီစခန်းဖွင့်လှစ် ထားပါတယ်၊ ဌာနအဖွဲ့အစည်းတွေပူးပေါင်းပြီး နယ်စပ်ကိုဝင်ထွက်သွားလာနေတဲ့ တရုတ်နိုင်ငံ သားတွေနဲ့ မြန်မာနိုင်ငံသားတွေရယ်ကို ကျန်းမာရေးစစ်ဆေးမှုတွေကို ဆောင်ရွက်နေပါတယ်၊ ဒီနေရာမှာ အရေးပေါ် လူနာတင်ယာဉ်တစ်စီး၊ အုပ်ချုပ်မှု (၂)စီးနဲ့ အဆင်သင့်ထားရှိပါတယ်” ဟု ပြောကြားသည်။
အလားတူ တရုတ်နိုင်ငံဘက်တွင်လည်း ရောဂါပြန့်ပွားမှုမရှိစေရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးခရိုင်၊ ထိန်ချုံးမြို့မှ ဟိန်းရင်ထန် (တရုတ်ပြည်တွင်းနယ်စပ်ဂိတ်) အထိ နေရာ(၄) ခုတို့တွင် ရောဂါ ရှာဖွေစိစစ်ရေးအဖွဲ့ငယ်များ ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း အဆိုပါဂိတ်ဝင်ထွက်သွား လာနေသော ခရီးသွားတရုတ်နှင့် မြန်မာများထံမှ သိရှိရကြောင်း ပြောကြားသည်။
ပန်ဝါနယ်စပ်ဂိတ်၌လည်း မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး စစ်ဆေးမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ပန်ဝါမြို့ ဆရာဝန် ဒေါက်တာမျိုးအောင်က နယ်စပ်ဂိတ်မှာ ၂၆ ရက်က စပြီး အဝင်/ အထွက် မြန်မာနှင့် တရုတ် နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခဲ့ကြောင်း၊ ယခုအချိန်ထိ သံသယဖြစ်စရာ လူနာမတွေ့ရှိသေး ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ကိုယ်ပူချိန်တိုင်းတာခြင်း၊ သလိပ်၊ သွေးစစ်ဆေးရန်နှင့် အရေးပေါ် လူနာထားဖို့ရန်အတွက် လူနာသီးသန့်အခန်း အသင့်ပြင်ဆင်ထားကြောင်း ပြောကြားသည်။ စစ်ဆေးမှုအနေဖြင့် တရုတ်နှင့်မြန်မာ နိုင်ငံသား စုစုပေါင်း (၁၂၀) ဦးကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အလားတူ လွယ်ဂျယ်နယ်စပ်စစ်ဆေးရေးဂိတ်၌လည်း ဇန်နနဝါရီ ၂၄ ရက်နေ့မှ စတင်၍ မြို့အုပ်ချုပ်ရေးမှူးဦးယဉ်မင်းထွန်းနှင့် မြို့ပြည်သူ့ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာလှအောင်တို့ ဦးဆောင်၍ ဌာနဆိုင်ရာစုပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဝင်/ထွက်သွားလာလျက်ရှိသည့် တရုတ်နိုင်ငံသားနှင့်မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ယမန်နေ့အထိ ကျား(၁၆၇) ဦးနှင့် မ (၁၂၂) ဦး စုစုပေါင်း(၂၈၉) တို့အား စစ်ဆေးပေးခဲ့ကြောင်း မြို့အုပ်ရေးမှူးရုံးမှ သိရှိရသည်။
မျိုးမြင့်စိုး (ပြည်နယ်ပြန်/ဆက်)