Skip to main content

ပခုက္ကူတက္ကသိုလ်၌ ငှက်ကြည့်လေ့လာနည်းသင်တန်းဖွင့်လှစ်

ပခုက္ကူ  ဇန်နဝါရီ ၂၇

သားငှက်ထိန်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ် ((Wild Life Conservation Society-WCS) ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Bio Diversity and Nature Conservation Association- BANCA)၊ ပခုက္ကူတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ငှက်ကြည့်လေ့လာနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါတက္ကသိုလ် ၊ပင်မဆောင် အခန်း(၃၀၆)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး သားငှက်ထိန်းသိမ်းရေးမြန်မာနိုင်ငံအစီအစဉ် (Wild Life Conservation Society) မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်က သင်တန်းတွင် ငှက်များမျိုးစိတ်ကွဲခြင်းအကြောင်း၊ ငှက်ကြည့်လေ့လာခြင်းဆိုင်ရာ ပညာရပ်များအကြောင်း၊ ပို့ချသင်ကြားပေးမည့် ဘာသာရပ်များအကြောင်းနှင့် သင်တန်း၏အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာထွေးထွေးက သင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း၊ သတ္တဗေဒဘာသာရပ်တွင် ငှက်အမျိုး အစားများအလိုက် ဇီဝမျိုးစိတ်များအကြောင်းတို့ကို ထည့်သွင်းသင်ကြားပေးနေကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ပခုက္ကူဒေသရှိ ဂေဟစနစ် မပျက်စီးစေရန်နှင့် ငှက်မျိုးစိတ်များ မပျောက်ကွယ်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်၊ ဒေသခံများသည် ငှက်များကို ပစ်ခတ်ဖမ်းဆီးခြင်းဖြင့် ငှက်မျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်ခြင်းမှ ကာကွယ်ပေး နိုင်စေရန်၊ အင်းဆက်(ပိုးမွှား) စားငှက်များကြောင့် သီးနှံစိုက်ခင်းများတွင် ဖျက်ပိုးဦးရေကို လျှော့ချပေးနိုင်စေရန်၊ အသီးစားငှက်များကြောင့် အပင်ပေါက်ရောက်မှု တိုးပွားစေခြင်းတို့ကို သိရှိနိုင်စေရန်နှင့် ဘာသာရပ်ပညာများ လေ့လာသင်ယူ ရာတွင် ပိုမိုထိရောက်လွယ်ကူစေ ရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သားငှက်ထိန်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ်နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်းများမှ ငှက်ပညာရှင်များက ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူ (၃၀၂)ဦးတို့ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ (၂)ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး