Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် တိုင်းဒေသကြီး/ပြည်နယ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၂၇

၂၀၂၀ပြည့်နှစ်၊ တိုင်းဒေသကြီး/ပြည်နယ်ဝူရှူး(ဆန်းဆို)ပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌  ဝူရှူးအားကစားနည်းတွင် ပြိုင်ပွဲဝင်အားကစား အမျိုးအစားအနေဖြင့် ထောက်လုနှင့်ဆန်းဆို (၂) မျိုးရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့် တိုင်းဒေသကြီး/ ပြည်နယ်ဝူရှူးပြိုင်ပွဲများ၌ ၂၀၁၈ ခုနှစ်တွင် ရွှေ(၁)၊ ငွေ (၂) ၊ ကြေး (၃)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု ၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ရွှေ(၃)၊ ကြေး(၄)ခုအမျိုးသမီးတံခွန် စိုက်ဒိုင်းဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးဝူရှူး(ဆန်းဆို)အဖွဲ့အနေဖြင့် ရရှိပြီး သော အောင်မြင်မှုများကို  အနာဂတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သောဇွဲ ၊ လုံ့လဝီရိယ ၊ အားမာန်၊ စိတ်ဓာတ်ဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြပါ။ “တရားသဖြင့်ယှဉ်ပြိုင်၊ နိုင်အောင်ကြိုးပမ်း” “ယှဉ်ပြိုင်လျှင် နိုင်ရမည်” ဆိုတဲ့ဆောင်ပုဒ်တွေကို လက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်း များ ဖြစ်အောင်ကြိုးစား သွားကြရန် လိုကြောင်း ပြောကြားသည်။

ထိုနောက်တိုင်းဒေသကြီးဝူရှူး(ဆန်းဆို) အသင်းအုပ်ချုပ်သူ ဦးကျော်စိုးမိုးက ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ရရှိလာသောဆုဖလားအားတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အပ်နှံသည်။

ဆက်လက်၍ ပထမဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးဝူရှူး(ဆန်းဆို) အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေတစ်ခုလျှင်(၅)သိန်းကျပ်၊ ငွေတစ်ခုလျှင်(၂)သိန်းကျပ်၊ ကြေးတစ်ခုလျှင် (၁) သိန်းကျပ်နှင့်အုပ်ချုပ်/ နည်းပြတစ်ဦးလျှင်(၂)သိန်းကျပ် စုစုပေါင်း ဂုဏ်ပြုဆုငွေကျပ်(၂၅) သိန်းကျပ်နှင့် မြန်မာ့သိုင်းအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်( ၂၁ ) သိန်းကျပ်အား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူနှင့် အားကစား သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးကျော်ကျော်လတ် (တိုင်းဒေသကြီးပြန်/ဆက်)