သီပေါ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ သီပေါမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ရှမ်းပြည်အလှကုမ္ပဏီ လီမီတက်တို့ ပူးပေါင်းဆောင်ရွက်သော သီပေါမြို့နယ်၊ နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက အဆိုပါစျေး၌ကျင်းပခဲ့သည်။
နမ့်လန်စျေးသစ်ဖွင့်ပွဲတွင် သီပေါမြို့နယ်မဲဆန္ဒနယ်အမှတ်-၁၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး သီပေါမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း နှင့် စျေးမိစျေးဖများ၊ ကိုယ်စားလှယ် ဦးစိုင်းဘသန်းတို့မှ ကျေးဇူးတင် စကားပြောကြား၍ နမ့်လန်မြို့မစျေးသစ်ကြီးဆိုင်ရာ အချက်အလက်နှင့် စာရွက်စာတမ်းများ၊ အထောက်အထားများအား ရှမ်းပြည်အလှကုမ္ပဏီလီမိတက် MDဦးညီညီတင်မှ သီပေါမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ နမ့်လန်မြို့မစျေးသစ် ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ရှမ်းပြည်အလှ ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးညီညီတင်နှင့် နမ့်လန်စျေးတည်ဆောက်ရေး တာဝန်ခံ ဦးကျော်ကျော်လွင်၊ ရပ်မိရပ်ဖကိုယ်စားတစ်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက်သီပေါမြို့၊ နမ့်လန်မြို့မစျေးသစ်ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ကြသည်။ ၎င်းနောက် နမ့်လန်မြို့မစျေးသစ်ကြီး ရှင်းလင်းဆောင် တွင် ရှမ်းပြည်အလှကုမ္ပဏီလီမိတက်မှ နမ့်လန်စျေး တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ နမ့်လန်စျေးတည်ဆောက်ရေးတာဝန်ခံ ဦးကျော်ကျော်လွင်မှ ရှင်းလင်းတင်ပြပြီး နမ့်လန်မြို့မစျေးသစ်ကြီးအတွက် အမှိုက်သိမ်းယာဉ်(၁)စီးနှင့် စျေးအတွက်မတည်ငွေကျပ်သိန်း(၁၀၀)ပေးအပ်ရာ သီပေါမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိမှ လက်ခံရယူကာ အထိမ်းအမှတ်ပစ္စည်းများအား ရှမ်းပြည်အလှကုမ္ပဏီ၏ MD ဦးညီညီတင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများအား ပေးအပ်ကာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ နမ့်လန်မြို့မစျေးသစ်ကြီးအတွင်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြ ကြောင်း သိရသည်။
ယခင်စျေးဟောင်းသည် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်၊ ညနေ(၆)နာရီတွင် မီးလောင်ခဲ့ပြီး အိတ်ဖွင့်တင်ဒါကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၃၁) ရက်မှ စက်တင်ဘာ(၂)ရက်ထိခေါ်ယူခဲ့ကာ ၂၀၁၈ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ယခုစျေးသစ်ကြီးအား ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ(၂၉)ရက်နေ့တွင်စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လ(၁၇)ရက်နေ့တွင်ပြီးစီးခဲ့သည်။
အဆိုပါနမ့်လန်မြို့မစျေးသစ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့၊ နမ့်လန် တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်ရှိ ဦးပိုင်အမှတ်(၃၉)၊ မြေဧရိယာအကျယ်အဝန်း(၁.၃၂၉)ဧက၊ အလျား(၂၈၇.၅)ပေ၊ အနံ(၂၄၈)ပေရှိကြောင်း၊ မြေညီထပ်တွင်စျေးရုံ(၁၁)ရုံ၊ (၈´×၈´)အလုံပိတ်ဆိုင်ခန်း(၄၁၆)ခန်း၊ အကာမဲ့ပျံကျစျေးရုံ(၃)ရုံ၊ (၆´×၄´) အကာမဲ့ဆိုင်ခန်း(၂၂၂)ခန်း၊ (၆.၆´×၈´)အကာမဲ့အခန်းကျယ်(၁၆) ခန်း၊ သား/ငါးရုံ(၆)ခန်း၊ ပထမထပ်စျေး (၁၁)ရုံ (၈´×၈´) အလုံပိတ်ဆိုင် ခန်း(၄၁၂)ခန်း၊ ကွန်ကရစ်လမ်းများ စုစုပေါင်း(၁၃)လမ်း၊ စျေးအဝင်တံခါးများစုစုပေါင်း(၁၂)ချပ်၊ ရေသွယ်တန်းမှု များ ဂါလံ(၁၈၀၀) ဆံ့မြေအောက်ရေ ကန်(၂)ကန်၊ ဂါလံ(၂၁၀၀)ဆံ့အမြင့်တင်ရေကန်(၂)ကန်၊ မီးသတ်ရေငုတ် (၁၁)ငုတ်၊ မီးသတ်ဆေးဘူး (၁၁)ဘူး ထားရှိထားကြောင်း၊ ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ မီးလိုင်းသွယ်တန်းမှုများ (100)KVA ထရမ်စဖော်မာနှင့် (11)KVA လိုင်းဓာတ်အား သွယ်တန်းခြင်းတို့ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယာဉ်ရပ်နားရန် မြေနေရာ (၁၀၅.၆´×၁၀´)အား ကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)