Skip to main content

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်တလုံး ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ ကြီးမှူး၍ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းနှင့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီခွဲက နောင်ခဲကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျောက်တလုံးကြီး မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် နောင်ခဲ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကထာ နာယူကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းအသီးသီးတွင် ပထမ၊ ဒုတိယနှင့် တတိယဆု အသီးသီး ရရှိသော သင်တန်းသား၊ သင်တန်းသူများအား လည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များနှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းရေး စက်သုံးကိရိယာများတို့ကို  ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှတာဝန်ရှိသူများက လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းအသီးသီးမှ သင်တန်းခေါင်းဆောင်များက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို နောင်ခဲကျေးရွာ အုပ်စုအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၉)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခွန်အာကာ(ကျောက်တလုံး)