Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ရှေးဟောင်းရွှေထည်ပစ္စည်းများ ဒုတိယအကြိမ် လာရောက် အပ်နှံ

မုံရွာ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထံသို့ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက် ဘက် ပေ(၁၀၀၀)ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါး ပြိုကျ ထားသည့် နေရာများတွင် ဒေသခံ(၅)ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည် ပစ္စည်း(၅)မျိုးနှင့် ဟင်္သာရုပ် (၁)ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက ဒုတိယအကြိမ် လာရောက်အပ်နှံပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ယခုကဲ့သို့ ရှေးဟောင်းပစ္စည်းများ လာရောက် အပ်နှံမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊  ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို မြတ်နိုးတန်ဖိုး ထားရမှာဖြစ်ကြောင်း၊  အဆိုပါ ပစ္စည်းများကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီး ဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ပညာရှင်အဖွဲ့က စစ်ဆေး၍ မူလရွှေထည်တန်ဖိုးအပြင် ခေတ် ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာကြေးတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ထပ်မံဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံ(၅)ဦးအတွက် ကြိုတင် ဆုကြေးငွေ (၄၄၈၀၀၀၀) ကျပ်ကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ဒေသခံ(၆)ဦးတို့မှ ပထမအကြိမ်အဖြစ် တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည် ပစ္စည်း(၆)မျိုးနှင့် ဟင်္သာရုပ်(၁)ခုတို့ကို ဒီဇင်ဘာ ၁၄ ရက်နေ့က တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ လာရောက် အပ်နှံ ပေးခဲ့ရာ အဆိုပါ ဒေသခံ(၆)ဦးအတွက် ကြိုတင် ဆုကြေးငွေ(၅၁)သိန်းကျပ်ကို ပြန်လည်ပေး အပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ပြန်/ဆက်)