ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းသိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Sharing Economy အသုံးပြုရာတွင် လိုက်နာသင့်သည့်အချက်များနှင့် နယ်ပယ်အသီးသီးရှိ Digital Platform အခွင့်အလမ်း များနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းသိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ ဒီအစီအစဉ်မှာ Sharing Economyအသုံးပြုခြင်းဖြင့် သတိပြုရှောင်ကြဉ် ရမယ့်အချက်တွေနဲ့ နယ်ပယ်အသီးသီးရှိ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေရဲ့ အလားအလာတွေ စတဲ့ အကြောင်း အရာတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ် စီးပွားရေး အကြောင်းသိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီနေ့အစီအစဉ်မှာ Myanandar Residence Hotel & Yankin Heights Restaurant ရဲ့ Executive Director ဦးသော်ဇင်အောင်ကြီးနဲ့ ကုန်စည်ရဲ့ Co-founder and CEO ဒေါ်ဇာဖြူတင့်လွင် တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးမေးခွန်းအနေနဲ့ AirBnB အက်ပလီ ကေးရှင်းအကြောင်းကို ဦးသော်ဇင်အောင်ကြီးက ရှင်းပြ ပေးပါဦး။

ဦးသော်ဇင်အောင်ကြီး။ ။ AirBnB အက်ပလီကေးရှင်း ကို ကျွန်တော့်အနေနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်နေတဲ့အခါ ကျောင်းသူ/ ကျောင်းသားအများစုက ခရီးသွားလာရာမှာ ဟိုတယ် ဘွတ်ကင်လုပ်ဖို့ဆိုရင် ဒေါ်လာရာချီပေးနေရမယ့်အစား AirBnB ကနေတစ်ဆင့် သူများအိမ်တွေမှာ ၂၅ ဒေါ်လာနဲ့ သွားတည်းနေကြတာကို တွေ့ရပါတယ်။ ဒါက ကျွန်တော် AirBnB အက်ပလီကေးရှင်းကို စတင်သုံးစွဲရခြင်းရဲ့ အကြောင်းပါ။

တဖြည်းဖြည်းနဲ့ AirBnB အနေနဲ့ တခြားနိုင်ငံတွေကို လုပ်ငန်းချဲ့တဲ့အခါမှာ သူများအိမ်တွေကိုသာမက ဟိုတယ် တွေ သို့မဟုတ် ဝန်ဆောင်မှုတိုက်ခန်းတွေ (Service Apartment) တွေကိုပါ သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ တင်လို့ရအောင်လို့ ခွင့်ပြုပေးလိုက်ပါတယ်။

ကျွန်တော် ရန်ကုန်ကို ပြန်ရောက်လာတဲ့အခါမှာ မိသားစုစီးပွားရေးအရ ဝန်ဆောင်မှုတိုက်ခန်းတစ်ခုကို အဖေက စတင်လုပ်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော် အဖေ့ကို အကြံပြုလိုက်တာက နိုင်ငံခြားကနေ ဧည့်သည် တွေလာတဲ့အခါ ဝန်ဆောင်မှုတိုက်ခန်းကို အလွယ်တကူ ရှာဖွေလို့ရအောင် AirBnB အက်ပလီကေးရှင်းပေါ်မှာ တင်ပါလားလို့စပြီး အကြံပြုလိုက်ပါတယ်။

AirBnB အက်ပလီကေးရှင်းပေါ်မှာတင်ဖို့ တော်တော် လွယ်ပါတယ်။ အချိန် ၅ မိနစ်အတွင်းမှာ မိမိမှာရှိတဲ့ အခန်း တွေနဲ့ တိုက်တစ်ခုလုံးကို AirBnB အက်ပလီကေးရှင်းမှာ စာရင်းသွင်းထားလို့ ရပါတယ်။ AirBnB စာရင်းသွင်းထားတဲ့ အကျိုးကျေးဇူးအနေနဲ့ ကမ္ဘာအနှံ့ကနေ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေက မိမိရဲ့တိုက်ခန်းကို တွေ့ရပါမယ်။ ငွေပေးချေမှုစနစ်ကို AirBnB က ကြားခံအနေနဲ့ တာဝန်ယူတာဖြစ်တဲ့အတွက် မိမိအနေနဲ့ ဧည့်သည်တွေကို တွေ့ဆုံပြီး ငွေပေးချေမှုအတွက် စကားပြောဆိုရတာတွေ အများကြီး သက်သာသွားပါတယ်။

အစီအစဉ်မှူး။ ။ AirBnB အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေမှာ ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင် တယ်လို့ သိရပါတယ်။ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို ပြည်တွင်းမှာ တည်ဆောက်နိုင်မလား၊ နယ်ပယ်အသီးသီး မှာရှိတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေရဲ့ အလားအလာ တွေကို ဆွေးနွေးပေးပါဦး။

ဦးသော်ဇင်အောင်ကြီး။ ။ ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို ဖြေကြားရမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဒီလိုပလက်ဖောင်းကို အလွယ်တကူ တည်ဆောက်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ ဆော့ဖ်ဝဲလ်တီထွင်သူတွေ၊ ကွန်ပျူတာ ပညာရှင်တွေက ဒီလိုပလက်ဖောင်းတွေ အလွယ်တကူ တည်ဆောက်နိုင်ဖို့ ရှိပြီးသားလို့ ကျွန်တော့်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ်။

ကျွန်တော်တို့ တွေ့ကြုံရမယ့် အခက်အခဲတစ်ခုက အဓိကအနေနဲ့ အမှတ်တံဆိပ်နာမည် ဖြစ်ပါတယ်။ AirBnB အက်ပလီ ကေးရှင်းက ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနေတဲ့ ဒေါ်လာ ဘီလီယံ ၆၀ တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သို့သော် ဒီကုမ္ပဏီကို လူငယ်နှစ်ဦးတည်းနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တစ်ချိန်မှာ လူငယ်တစ်ဦး ကနေ ဒီလိုဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခု တည်ထောင်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီလိုမျိုးတွေ ဆောင်ရွက် သွားနိုင်မယ့်သူတွေရှိတယ်ဆိုတာကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရ၊ ပညာရှင် အသင်းတွေအနေနဲ့ ဒီလို လူငယ်တွေကို ထောက်ပံ့ပေးဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်။

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံမှာ Sharing Economyကို ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာ ဒေါ်ဇာဖြူတင့်လွင်က ဆွေးနွေးပေးပါဦး။

ဒေါ်ဇာဖြူတင့်လွင်။ ။ Sharing Economy ကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် လို့ရနိုင်မလဲ၊ Sharing Economy ဆိုတဲ့ယဉ်ကျေးမှုကို အသုံးပြုပြီး ဘယ်လိုစီးပွားရေး စလုပ်လို့ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မအမြင်ကို ဆွေးနွေးလိုပါတယ်။ ကျွန်မ ကိုယ်တိုင်ကလည်း Sharing Economy ကို လုပ်ဆောင်နေ တာ သုံးနှစ်လောက် ရှိပါပြီ။ Trucking ကုန်တင်ယာဉ်တွေနဲ့ ပစ္စည်းတွေ ပို့ဆောင်ပေးတာနဲ့ပတ်သက်ပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ Trucking Platform လုပ်ပါတယ်။ Supply ရောင်းသူနဲ့ Demand ဝယ်သူ အကြားမှာ ကြားခံ အကျိုးဆောင်ပေးရတဲ့ ကုမ္ပဏီအနေနဲ့ လုပ်ဆောင်ပါ တယ်။ Sharing Economy က ဘယ်စီးပွားရေးလုပ်ငန်းမှာ မဆို လုပ်ဆောင်လို့ရပါတယ်။

ကျွန်မတို့ လုပ်ဆောင်နေတာကို ဥပမာပြရမယ်ဆိုရင် ကုန်ပို့ချင်တယ်၊ ကားလိုချင်တယ်။ ကျွန်မတို့ကကြားခံပြီး လုပ်ဆောင်ပေးရ တာဖြစ်တဲ့အတွက် ရောင်းသူဘက်မှာ ကားပိုင်ရှင်တွေ၊ ကုန်ကားမောင်းသူတွေရှိတယ်။ Grab အငှားယာဉ်လုပ်ငန်းလို ပုံစံမျိုးပါ။ ကျွန်မ စတင်လုပ်ဆောင် တုန်းက Supply ရောင်းသူနဲ့ Demand ဝယ်သူကြားမှာ ဝယ်သူကို စကားအရင်ပြောပြီးမှ ရောင်းသူကို ရှာတာ ဖြစ်ပါတယ်။

ကျွန်မဆီမှာ ဒီလို ကုန်ပို့ချင်တဲ့သူတွေရှိတယ်။ ကျွန်မတို့နဲ့ ပူးပေါင်းထားပါ။ ဒါဆိုရင် ဒီဘက်ကကားကို အသုံးပြုလို့ရနိုင်ပါ တယ်ဆိုတဲ့ ပုံစံမျိုးက Sharing Economy ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက အမြဲတမ်းကိုယ်လိုချင်တဲ့ ကားတိုင်းကို မပိုင်ဆိုင်ထားပါ ဘူး။ လိုအပ်မယ်ဆိုရင်လည်း ခဏတာအနေအထားမျိုး လိုအပ်တာပါ။ ရန်ကုန်ကနေ မန္တလေးကိုသွားချင်တယ် ဒီတစ်ကြောင်းစာအတွက် ကားလိုတယ်။ ဒီအတွက် ကားဝယ်ထားပြီး အရင်းအနှီး မလုပ်ချင်ဘူး။

ဒါပေမယ့်တစ်ဖက်မှာ ကားပိုင်ရှင်တွေရှိတယ်။ ကုန်လိုချင်တဲ့ ယာဉ်မောင်းတွေရှိတယ်။ ဒီလိုအပ်ချက်နှစ်ခုကို ကျွန်မတို့က ကြားကနေ ချိတ်ဆက်ပေးပြီး အကျိုးဆောင် လုပ်ရတဲ့လုပ်ငန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Sharing Economy နဲ့ပတ်သက်ပြီး လုပ်လို့ရပါတယ်။ အခုက Trucking နဲ့ ပတ်သက်ပြီး ဥပမာ ပြောတာပါ။

နောက်ထပ်လည်း Freelancing Platform အနေနဲ့ ချိတ်ဆက်တာမျိုးတွေ ရှိပါတယ်။ ကျွန်မ အသိမိတ်ဆွေတွေ ထဲမှာ နေရာပြန်ငှားတာ၊ Co-working Space တွေ ပြန်ငှားတာ ဒါတွေ အားလုံးက Sharing Economy ပါ။ ကိုယ့်မှာ အသုံးမလိုလို့ ပိုနေတဲ့ အရာတစ်ခုက အခြား အသုံးလိုတဲ့သူနဲ့ ပြန်ချိတ်ဆက်မိတဲ့အခါ အကျိုးအမြတ် ရှိပြီး ဒါက စီးပွားရေးပုံစံ အသစ်တစ်ခု ဖြစ်သွားပါတယ်။

အစီအစဉ်မှူး။ ။ Sharing Economy ကို အသုံးပြုမယ်ဆိုရင် သတိပြုရမယ့် အချက်တွေကို ဆွေးနွေးပေးပါဦး။

ဒေါ်ဇာဖြူတင့်လွင်။ ။ Sharing Economy မှာ သတိပြုရ မယ့်အချက်ကို လုပ်ငန်းလုပ်နေတဲ့သူ တစ်ယောက်အမြင်နဲ့ ပြောရမယ်ဆိုရင် မိမိရဲ့အသုံးမလိုလို့ ပိုနေတဲ့ အရင်းအမြစ် ဆိုတာ အမှန်တကယ်က မိမိရဲ့ပိုင်ဆိုင်မှုပစ္စည်း ဖြစ်ပါ တယ်။ ကိုယ်မသိတဲ့သူတစ်ယောက်ကို ပြန်ငှားလိုက်ရတာ ဖြစ်တဲ့အတွက် အလွဲသုံးစားမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဥပမာ - ကားကို ပြန်ငှားတာနဲ့ပတ်သက်ပြီး သွားချင်တဲ့ နေရာတစ်ခုကို မိမိနဲ့အတူ နောက်ထပ်တစ်ယောက်က ဒီကားတစ်စီးထဲမှာ မျှဝေပြီး သွားကြတာပါ။

ခရီးစဉ်တစ်ခုမှာ ၁၀၀ ကျမှာကို တစ်ယောက်ကို ၅၀ သို့မဟုတ် ၆၀ လောက်ပဲ ကျပါတော့တယ်။ ဒါပေမယ့် ဒီမှာ ဘာပြဿနာ ဖြစ်လာနိုင်သလဲဆိုတော့ ကိုယ်နဲ့ အတူတူ လိုက်ပါမယ့် ခရီးသည်တစ်ယောက်က လူကောင်း ဖြစ်သလား၊ လူဆိုးဖြစ်သလား မသိနိုင်ပါဘူး။ နောက်တစ်ခု က ကားငှားတဲ့အခါ ယာဉ်မောင်းသူက လူကောင်းလား၊ လူဆိုးလား မသိနိုင်ပါဘူး။

ကျွန်မတို့အနေနဲ့ သတိပြုရမယ့်အချက်က ယုံကြည် မှုတွေ အစပိုင်းမှာ မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ Platform Provider တွေက အသုံးပြုသူတွေကို ဒီကားက ဘယ်လိုကောင်းပါတယ်။ ကျွန်တော်/ ကျွန်မ တို့ဆီမှာ စာရင်းသွင်းထားတဲ့ကားတွေ ဘယ်လိုစိတ်ချရပါတယ် ဆိုတဲ့ အာမခံချက်ပေးတဲ့ ပုံစံမျိုးနဲ့ ဒီလိုအခက်အခဲတွေကို ကျော်လွှားသွားနိုင်ပါတယ်။

ဒုတိယအချက်က လုပ်ငန်းရှင်အနေနဲ့ ကြည့်မယ် ဆိုရင် သူ့ဆီမှာ အပ်လိုက်ရင် တကယ်ရော ဒီကားက အဆင်ပြေပါ့မလား၊ အကုန်ရပါ့မလားဆိုတဲ့ ယုံကြည်မှု တစ်ခု လိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ဘက်က ကြည့်မယ်ဆိုရင် ကုန်စည်ကို အပ်လိုက် တဲ့အခါ ကုန်စည် သယ်သွားတဲ့ကားက သူ့ရဲ့ကုန်တွေ မပျောက်ပျက်အောင် သယ်သွားနိုင်ပါ့မလားဆိုတဲ့ ယုံကြည်မှုတွေကို တိုးတက် အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီအချက်တွေက သတိပြု ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဖြည့်စွက် ဆွေးနွေးစရာရှိရင်လည်းပြောကြားပေးပါဦး။

ဦးသော်ဇင်အောင်ကြီး။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံက အခုလက်ရှိမှာ ကမ္ဘာကျော် ပလက်ဖောင်းတစ်ခု လိုအပ် နေတာဖြစ်တဲ့အတွက် ဝိုင်းဝန်းပြီး အမြန်ဆုံးလုပ်ဆောင် နိုင်မယ်ဆိုရင် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ဇာဖြူတင့်လွင်။ ။ Sharing Resources ကို လုပ်မယ်ဆိုရင် လုပ်ငန်းစတင်ရာမှာ အရင်း အနှီး များများမလိုအပ်တဲ့အတွက် လူငယ်တွေကို စွန့်စား ပြီးလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ လုပ်ငန်းငယ်တွေ များလာမှ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်၊ သုံးစွဲမှုတွေ တက်လာမှာဖြစ်ပြီး ဈေးကွက်ကလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် ကြီးမားလာမှာ ဖြစ်ပါတယ်။

ထက်လျှံ