ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က
(၇၃) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်
ချစ်ကြည်လေးစားအပ်ပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ယနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့သည် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် (၇၃) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခါသမယ ဖြစ်ပါသည်။ ကချင် တိုင်းရင်းသားမျိုးနွယ်စုများနှင့်တကွ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါ စေကြောင်း၊ COVID-19 ကပ်ရောဂါဘေးမှ ကင်းလွတ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးခါစ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျင်းပခဲ့သော ကချင်ပြည်နယ် ကောင်စီညီလာခံ၏ ပထမဆုံးအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများ နှစ်စဉ်ကျင်းပခဲ့သည်မှာ (၇၃) နှစ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရေးစသည့် အစီအမံ များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့ရာတွင် သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင် မချုပ်ငြိမ်းနိုင်သေးသောကြောင့် သဘာဝအလှအပများကို အပြည့်အဝ မခံစားနိုင်သေးသလို၊ သဘာဝသယံဇာတများ ကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေရပါသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ရှိမှသာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး၏အရသာကို သိရှိခံစားခဲ့ကြပြီး ဖြစ်သော ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့သည် ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ပါသည်။
ယနေ့ အချိန်အခါတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်း ပေါ်တွင် ရောက်ရှိနေပြီဖြစ်ပါသည်။ ထွန်းသစ်စဒီမိုကရေစီ ရင့်ကျက်ခိုင်မာလာရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကဦးစားပေးများအဖြစ် သတ်မှတ် ပြီး ကြိုးပမ်းဆောင်ရွက်နေပါသည်။
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ မိမိတို့နေရပ်ဒေသသို့ ပြန်လည်အခြေချနိုင်ရန် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုံခြုံစွာနှင့် ယုံကြည်စိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနက ဖွဲ့စည်းပေးထားသော “ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့”သည် “ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက် ရေးကော်မတီ” နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး နှစ်ပေါင်းကြာရှည် မျှော်လင့်တောင့်တလျက်ရှိသည့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး ရရှိရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားဖြစ်သည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းနိုင်ရန်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများလက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်တို့ကို မျှော်မှန်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံအစည်းအဝေးများ ကျင်းပလျက်ရှိရာ စတုတ္ထအစည်းအဝေးအထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဘုံသဘောတူညီချက်များစွာ ရရှိပြီးဖြစ်သည့်အပြင် ၂၀၂၀ အလွန် ဆက်လက် လျှောက်လှမ်းရမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရန်များကိုလည်း သဘောတူညီမှုရရှိထားပြီး ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အရေးကြီးလှပါသည်။ ယခုအချိန်အခါသည် ပြည်ထောင်စုဖွားတိုင်းရင်း သား အားလုံးအနေဖြင့် အတိတ်သမိုင်းမှ အတွေ့အကြုံများကို သင်ခန်းစာရယူပြီး လက်နက်ကိုင်ပဋိပက္ခများ အကြွင်းမဲ့ ချုပ်ငြိမ်းကာ ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင် ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကောင်းအခါကောင်းဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်သို့လျှောက်လှမ်းရာတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်း သား ညီအစ်ကိုမောင်နှမများအားလုံး ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သည့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်တို့ ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲ၍ ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ