Skip to main content

ရပ်စောက်မြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးဌာန က နိုင်ငံတော်သို့ပြန်လည်အပ်နှံသည့်မြေမှ စိုက်ပျိုးမြေ (၅၁၈၄.၇၀)ဧကအား တောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်

ရပ်စောက်  ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သို့ပြန်လည်စွန့်လွှတ်အပ်နှံသည့်မြေ (၁၀၆၃၄.၉၅၆)ဧက မှ စိုက်ပျိုးမြေ (၅၁၈၄.၇၀)ဧက အား မူလတောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ခြင်း အခမ်းအနားကို ယနေနံနက် (၁၀:၃၀)နာရီအချိန် က မြို့နယ်ရဿဝတီခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်အတွင်း  စွန့်လွှတ်မြေများအနက် မူလတောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဗထူးတပ်နယ်၊ ဒုတိယဗိုလ်မှူးကြီး တင်နိုင်ဦးမှ စွန့်လွှတ်မြေများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ တောင်ကြီးခရိုင်အုပ်ချူပ်ရေးမှူး ဦးကိုကိုလွင် က လက်ခံရယူခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးသက်နိုင် တို့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များအား အသီးသီးပေးအပ်ရာ တောင်သူ(၁၁၁၆)ဦး ကိုယ်စား တောင်သူ(၁၂)ဦး မှ လက်ခံရယူပြီး တောင်သူ ဦးကြည်ခိုင်စိုး က တောင်သူများအားလုံး ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

အဆိုပါ အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ အင်အား(၃၀)ဦး တက်ရောက်ခဲ့ကြပြီး နံနက်(၁၁:၂၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)