Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ ကားဝင်းအတွင်း ငွေကျပ် သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ ကားဝင်းအတွင်း၌ ငွေကျပ်သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ယင်း သတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ဇန်နဝါရီ ၁၄ ရက် နံနက် ၁ နာရီခန့်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ X-Ray စက် စစ်ဆေးရေး နေရာတွင် တောင်ကြီးမှ ရန်ကုန်သို့ စိုင်းမင်းအောင်လှိုင် မောင်းနှင်လာသည့် ခရီးသည်တင်မှန် လုံမော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာဖြင့် တင်ဆောင်လာသော ဆာလာအိတ် များအတွင်း လက်ဖက်ခြောက်များနှင့် ရောနှော၍  စိတ်ကြွရူးသွပ်ဆေးပြားထုပ်များ  သိုဝှက်သယ် ဆောင်လာကြောင်း တွေ့ရှိခဲ့သဖြင့် ရန်ကုန်မြို့၊ အောင်မင်္ဂလာ ကားဝင်းသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိပြီး လူမဲ့တန်ဆာဆာလာအိတ်များကို လာရောက်ထုတ်ယူသူ  သန်းဇော်ဦး အား AD VAN မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယင်းဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀,၀၀၀  သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက် အရ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့်သူ ရေခဲ(ခ)ကရင်အား မင်္ဂလာဒုံ မြို့နယ်၊ (၃/ခ)ရပ်ကွက်၊ (၇)လမ်း၊ အမှတ်(၂၁) နေအိမ်တွင် ဖမ်းဆီးရမိ၍ ထပ်မံစစ်ဆေးပေါ်ပေါက် ချက်အရ ညနေပိုင်းတွင် ၎င်းထုတ်ယူရန် ကျန်ရှိနေသေးသည့် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ အခြားယာဉ်လိုင်းကားဂိတ်တွင် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိသဖြင့်  စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၉၀၀၀ ကျော် တန်ဖိုးကို  သိမ်းဆည်းရမိခဲ့ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအား လူမဲ့တန်ဆာ ပြုလုပ်၍ တောင်ကြီးမြို့ရှိ ကားဂိတ်များသို့ လာရောက် တင်ဆောင်ပေးသူ မနန်းမြစိန်(ခ)မခမ်း ကို တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ အရှေ့မြို့ပတ် လမ်းတွင် မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း၊ မူးယစ် ဆေးဝါးများပို့ဆောင်ခိုင်းသူ ခွန်ဌေးသန်း (ခ)ခွန်သူရ(ခ)ခွန်မောင်ပေ ကို ယင်းနေ့ညနေ ၅ နာရီအချိန်ခန့်တွင် တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်တွင် မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်ဇော်ထူး အား ည ၇ နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ် ဆေးပြား ၃၄၀ ၊ မော်တော်ယာဉ် ၁ စီး ဖြင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ယင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ် ဆေးပြားများမှာ  ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှ သယ်ဆောင်၍ ရန်ကုန်မှတစ်ဆင့် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ သို့ ထပ်ဆင့်ပို့ဆောင်ရောင်းချမည့် ပစ္စည်းများဖြစ်ကြောင်း  သိရသည်။

(သတင်းစဉ်)