ရုတ်ခြည်းပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးနှင့် ကပ်ရောဂါတစ်ခုကြောင့် လူတို့၏ ပုံမှန်အနေအထိုင်၊ အပြုအမူတို့ ပြောင်းလဲ သွားကြကာ လူမှုဘဝနေထိုင်မှုပုံစံသစ်အဖြစ် ပြောင်းလဲလာ ခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီ။
လူတို့၏ အနေအထိုင်၊ အပြုအမူ ပုံစံသစ်ဟု ဆိုနေရသော် လည်း အတွေးအမြင်၊ အယူအဆတို့ ကပါလိုက်ပါပြောင်းလဲလာနေ သည်ကို သတိပြုမိနိုင်ပါသည်။ လူများစု၏ အပြုအမူ၊ အတွေး အမြင်၊အယူအဆတို့သည်ကောင်းမှုဘက်ကုသိုလ်ဖြစ်ရေးဘက်သို့ ပို၍ အလေးများလာကြ၏။
လောကသဘာဝအရ အချို့သောသူတို့သည်ကား ကိုယ်ကျိုး အတ္တများဖြင့် မမောနိုင်မပန်းနိုင် နပန်းလုံးနေကြဆဲ၊ အမှား အမှန်ကို ကွဲပြားရှင်းလင်းစွာ မခွဲခြားနိုင်ဖြစ်နေဆဲ၊ ကြီးမားသော အောင်မြင်မှုများကို နှလုံးမသွင်းနိုင်၊ အသေးအဖွဲမျှသာဖြစ်သော ဆုံးရှုံးမှုများကိုကြိတ်မနိုင်ခဲမရ ဖြစ်နေဆဲ၊ ငိုညည်းချင်းများကိုသာ တဖွဖွရွတ်ရင်း သောက ဗျာပါဒ ပရိဒေဝ ဒေါမနဿတို့ဖြင့် နစ်နေဆဲ စသည်ဖြင့် ဖြစ်နေကြသော်လည်း လူအများစုမှာမူ ပေါ်ပေါက်လာသော ကပ်ရောဂါ ကိုမူတည်၍ မိမိတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတို့၏ အကျိုးမဲ့ပုံကို ရိပ်စားမိလာကြပြီ။ ကိုယ်ကျိုးအတ္တများဖြင့် ပူလောင်နေသော လောကကြီး၏ ဒုက္ခသစ္စာကို နားလည်ကြသူက အများအပြားဟု မြင်ပါ၏။
ထို့ကြောင့်လည်း မိမိတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို အခြားသူတို့၏ ပြဿနာများနှင့်ယှဉ်တွဲရှုမြင်လာ ကြသည်။ မိမိတို့တစ်ဦးတည်း၏ အကျပ်အတည်းမဟုတ်ဘဲ ဆင်းရဲချမ်းသာမဟူ၊ လူတိုင်းကြုံတွေ့နေရသော ကျန်းမာရေး ပြဿနာအဖြစ် နားလည်သတိပြု မိလာသည်။ ယင်းကဲ့သို့ နားလည်လာသည်နှင့်အမျှ လူလူချင်း စာနာတတ်လာသည်။ အသေး အဖွဲမှအစ စာစာနာနာရှိကြဖို့ ကိုယ်တိုင်သတိထား မိကြရုံမက မိမိတို့နှင့် နီးစပ်ရာ အချင်းချင်းကို လည်း သတိပေး နေကြသည်။
မိမိပတ်ဝန်းကျင်ရှိ အဆင်မပြေသူများကို စာနာကြ၏။ ကိုယ့် လောက်မှ မပြေလည်သူများကို တတ်နိုင်သလောက် ကူညီချင်ကြ သည်။ ပရဟိတလုပ်ငန်းများကို စိတ်ဝင်စားလာကြသည်။ ကိုဗစ် ထိန်းချုပ်ရေးဗဟိုနှင့်ဆေးရုံများရှိလူနာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတများကို အစားအသောက်များ လှူချင်၊ ပို့ချင်၊ ကျွေးချင်ကြသည်။ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများကို ယခင် ကထက် ပိုမိုဂရုစိုက်ကြ၊ ဝိုင်းဝန်းကူညီကြ၊ ချစ်ခင်ကြင်နာမှုကို ပြသရန် အားထုတ် လာကြသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေဆိုလျှင်လည်း လှူကြမည်။ ဆေးရုံများတွင် လိုအပ်သော အောက်ဆီဂျင်ထုတ်လုပ်ရေး ပင်မစက်များဆိုလျှင်လည်း လှူကြမည်။ နှာခေါင်းစည်းများ လိုသည်၊ ပီပီအီးဝတ်စုံများလိုသည်ဟု သတင်းကြားလျှင် လှူကြမည်။ အလုပ်အကိုင်နှင့် ဝင်ငွေခက်ခဲလာ၍ စားဝတ်နေရေး ကျပ်တည်းနေကြသူများကို ဆန်ဆီ အစရှိသည့် အစားအစာ၊ အဝတ်အထည်များ ပေးလှူကြရန် ဆော်ဩကြ၊ ကိုယ်တိုင်လည်း လှူဒါန်းလုပ်ကြသည်။
ပုံမှန်ဆိုလျှင် ကိုယ်ရေးကိုယ်တာများဖြင့် ဗျာများနေရသည့် နေရာတွင် အခြားသူတို့အတွက် အချိန်ပေး စဉ်းစားလာကြသည်။
သည်လိုနှင့် တွေဝေမိုက်မဲမှု၊ မကောင်းမှုပြုမှုများနှင့် ဝေးလာ ၏။ လိုချင်တပ်မက်ခြင်း နည်းပါး လာ၏။ ထောင်လွှားခြင်း၊ အမျက် ထွက်ခြင်းတို့က အလိုအလျောက် လျော့ပါးလာ၏။ သူတစ်ပါးကို မေတ္တာစိတ်ပိုထားလာနိုင်ကြ၏။ ကရုဏာထားနိုင်လာကြ၏။ မုဒိတာလည်း ပွားလာနိုင်ကြ၏။ အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေလောကဓံတရားတို့နှင့် ကြုံတွေ့လာရသည်ကို သင့်သင့်တင့်တင့် နှလုံးသွင်း နေနိုင်လာကြ၏။ အလွန်အကျူး ပူပန်သောကဖြစ်မှု၊ စိုးရိမ်ကြီးလွန်းမှုတို့ကို ရှောင်နိုင် လာ၏။ ရောင့်ရဲတင်းတိမ် လွယ်သူများ ဖြစ်လာကြ၏။
ဤကဲ့သို့ လူအများအပြား၏ ရင်တွင်းသို့ တိုးဝင်စူးနစ်လာ သော စိတ်သဘောထားနှင့် စိတ်စေတနာအခြေခံတို့သည် လူတစ်ဦးချင်း၏ စိတ်အေးချမ်းသာယာမှုနှင့်အတူ လောက ကောင်းကျိုး၊ လောကငြိမ်းချမ်းရေးကို ရှေးရှုလာခြင်းပင် ဖြစ်ရာ ကိုဗစ်ကပ်ရောဂါကာလ သံဝေဂ တရား ဟု ဆိုရပါ မည်တည်း။ ။