Skip to main content

အမြော်အမြင်ကြီးမားမှုသည် အခရာ

လူတို့သည် ဘဝတွင် အောင်မြင်မှု၊ ပျော်ရွှင်မှုတို့ကို ခံစားကျေနပ်ရသည့်အခါ ပီတိသောမနဿ ဖြစ်ကြ၏။ သို့သော်လည်း ထိုပျော်ရွှင်မှုသည် လည်းကောင်း၊ ပီတိသောမနဿ ဖြစ်ရမှုသည် လည်းကောင်း မည်မျှတိုတောင်းသည်၊ မည်မျှတာရှည်ခံသည် ဆိုခြင်းကို မေ့လျော့ ထားမိတတ်သည်။

ဤသည်ပင် လူတို့၏ ဘဝအမြင်ကို ဖော်ပြနေသည်ဟု ဆိုရပါမည်။ ဘဝကို မည်မျှလောက် ရှည်ရှည်လျားလျား ရှုမြင်သနည်း၊ ရေရှည်အကျိုးစီးပွားကို မည်မျှလောက် သဘောပေါက် နားလည်ထားသနည်း ဆိုသည်တို့က လူတို့ဘဝ၏ အရေးပါသော အဆုံးအဖြတ် တို့အပေါ်သြဇာ လွှမ်းမိုးသက်ရောက်မှုရှိပါသည်။

ကမ္ဘာတစ်ဝန်းရှိ ရာဇဝင်အဆက်ဆက်က လူဆိုးလူမိုက်ကြီးများ၊ အာဏာရှင်ကြီးများ၏ သမိုင်းကို လေ့လာလျှင် ထိုထိုသော သူတို့၏ဘဝအတွေးအမြင် မည်မျှလောက်တိုတောင်းသည်၊ မည်မျှလောက် တိမ်သည်ကို တွေ့ရပါမည်။ အများအားဖြင့် သူတို့သည် သက်တမ်းပြည့် ပျော်ရွှင်စွာ ဖြတ်သန်းသွားရသည်ဟု မရှိကြောင်း တွေ့ရပါမည်။

ထိုသူတို့သည် ငွေကြေးချမ်းသာကြွယ်ဝမှုတွင် မည်သူမှလိုက်မမီအောင် ပြည့်စုံကောင်းပြည့်စုံ နေမည်။ လောကစည်းစိမ်တို့ကို လွန်လွန်ကဲကဲလျှံပျံနေအောင် ခံစားမွေ့လျော်ရကောင်း မွေ့လျော်ရပေမည်။ အာဏာမီးပြင်း မည်မျှလောက် အရှိန်ညီညီဖြင့် လွှမ်းမိုးအုပ်ချုပ် နေနိုင်ကောင်း နေနိုင်ပါမည်။

သို့သော်လည်း မကောင်းမှုဖြင့် ရရှိသော ငွေကြေးဥစ္စာများဖြင့် မည်ကဲ့သို့ စိတ်နှလုံးရှင်းသန့်စွာ ပျော်ရွှင်နိုင်ပါမည်နည်း။ မမှန်မကန် နည်းဖြင့် ရရှိသုံးစွဲနေသော စည်းစိမ်တို့ကို မည်ကဲ့သို့သော ပူပန်မှု ကင်းစိတ်ဖြင့် တာရှည်ခံစားနေနိုင်ပါမည်နည်း။ အဓမ္မနည်းတို့ဖြင့် ရရှိထားသည့် အာဏာမီးတောက်သည် မည်မျှလောက် သြဇာ ထက်မြက် ထိန်းသိမ်းထားနိုင်မည်နည်း။

အမှန်အကန် ချမ်းသာသုခကို ရရှိနိုင်ရေးကို ပိတ်ပင်တားဆီး သည့် နီဝရဏ တရားငါးပါးတွင် ပါဝင်သည့် ဥဒ္ဓစ္စ၊ ကုက္ကစ္စဟု ခေါ်သည့် နောင်တ တစ်ဖန်ဖြင့် ပူလောင်စိုးရိမ်နေရခြင်း၊ စိတ်မငြိမ် သက် ပျံ့လွင့်နေရခြင်းတို့ကို မည်သို့ကျော်လွှား လွန်မြောက် နိုင်ပါမည်နည်း။ မတရားသဖြင့် ရရှိထားသည့် ချမ်းသာကြွယ်ဝမှု၊ စည်းစိမ်၊ အာဏာတို့ကို ခံစားနေချိန်တွင် မိမိ၏အတွင်းစိတ်၌ တဖွားဖွား ပေါ်ပေါက်နေမည့် ပူလောင်မှု၊ စိုးရိမ်မှုတို့ကို မည်သို့ဖုံးကွယ်နေနိုင် ပါမည်နည်း။

အဓမ္မနည်းအမျိုးမျိုးဖြင့် ကြီးကျယ်ချင်သည်၊ ချမ်းသာကြွယ်ဝ ချင်သည်ဆိုခြင်းက မည်မျှလောက် အမြင်တိမ်ခဲ့သည်ကို ဖော်ပြနေ မှုသာဖြစ်ပါသည်။ လူတစ်ယောက်၏ သက်တမ်းသည် မည်မျှလောက် ရှည်လျားကြာမြင့် နိုင်ပါမည်နည်း။ ချန်ရစ်ခဲ့ရမည်ဖြစ်သော မိမိ၏ ရင်သွေးရင်နှစ် မျိုးဆက်များကို မည်သို့သော အမွေများကို ပေးခဲ့ရမည်ဟု ယူဆထားပါသနည်း။ အဓမ္မသမားတို့ကို လောကကြီးက မည်သို့ ထောမနာပြုနေမည်ဟု တွေးမိနေပါသနည်း။ အဓမ္မသမားတို့ကို လူအများက မည်သို့မေတ္တာပို့ နေကြမည်ဟု တွေးမြင်ထားပါသနည်း။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ မင်းချမ်းသာကား၊ သမုဒ္ဒရာ ရေမျက်နှာထက်၊ ခဏတက်သည့် ရေပွက်ပမာ၊ တစ်သက်လျာတည်းဟူသည့် လင်္ကာ အပိုင်းအစသည် တွေးချင့်စရာကောင်းလှသည် မဟုတ်ပါလော။

လူတို့၏ ရင့်ကျက်မှု၊ အမြော်အမြင်ကြီးမှု၊ ရေရှည်မြင်တတ်မှုတို့၏ မြင့်မြတ်ခမ်းနားခြင်းထက် မည်သည်တို့က ပိုမိုမက်မော ဖွယ်ရာများဟု မြင်ကြသနည်း။

ဘဝတိုထွာ ခဏတာ၏ စည်းစိမ်ချမ်းသာအတွက် မိမိ၏ တစ်သက်တာမက သံသရာအထိ ဤသို့ဤနှယ် ဖြတ်ကျော်မည်ဟု ဆုံးဖြတ်ကြမည်လော။

အမြင်တိုတောင်းသူတို့ကား မျက်တောင်မွေးတစ်ဆုံးကိုသာ ရှုမြင်နေကြချိန်တွင် အမြော်အမြင်ကြီးသူတို့ကား သံသရာခရီး ရှည်ထိမြင်၏။

ရောက်ရှိလာကြ လူ့ဘဝတွင် ရေရှည်တွေးသိ အမြော်အမြင် ကြီးသူတို့ ဖြစ်ကြပါစေသား။