Skip to main content

သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ(၃)

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀ ပွဲတော်ကြီး တတိယမြောက်နေ့တွင် ပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်  ရှိသည်ကိုတွေ့ရသည်။

ပွဲတော်ကာလအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း နှင့် ‘၀’၊ ကိုးကန့်၊ တအာင်း၊ ပအိုဝ်း၊ နာဂ၊ ဓနု စသည့်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြခန်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ပြသထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

▲ ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း ▲

ရခိုင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းတွင် ရခိုင်လူမျိုးတို့၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ၊ စာပေ နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို စုံလင်အောင်ပြသထားသည်။

▲ ရခိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံကို ပြသသည့်ပြကွက် ▲

ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း အဝင်၀ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝေသာလီခေတ် ဆီမီးခွက်ဖြင့် မဟာမုနိ ဆင်းတု တော်အား ပူဇော်နေဟန် ရုပ်တုနှစ်ခုခြံရံလျက် မြတ်စွာဘုရားအား ပူဇော်မည့် ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာသွေးရန်ကျောက်ပျဉ် တို့ဖြင့် ပြင်ဆင်ထားသည်ကို ကြည်ညိုစွာ ဖူးမြင်ရမည် ဖြစ်သည်။

“ဒီပြကွက်က ရခိုင်ယဉ်ကျေးမှုဓလေ့ထုံးစံကို ပြတဲ့ အဓိက ပြကွက်ဖြစ်ပါတယ်။ ဒါ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ရဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပါယ်တာကို သရုပ်ဖော်တဲ့ ဓလေ့ဖြစ်ပါတယ်” ဟု ပြခန်းကျင်းပရေးတာဝန်ခံ ဒေါက်တာနုမြဇံက ပြောသည်။

▲ ရခိုင့်အာဇာနည်ဆရာတော် အသျှင်ဦးဥတ္တမ ▲

ထိုပြခန်းအဝင်ဝတွင်ပင် မြန်မာ့လွတ်လပ်ရေး၏ မီးရှူးတန်ဆောင် အာရှတိုက်အတွင်းရှိ အင်္ဂလိပ်လက်အောက် ကျရောက်နေသည့် အခြားနိုင်ငံများ၏ လွတ်လပ်ရေးအတွက်ပါ ပထမဆုံး ဦးဆောင်လမ်းပြပေးခဲ့သည့် အာရှနေဝန်း ရခိုင့် အာဇာနည်ဆရာတော် အသျှင် ဦးဥတ္တမရုပ်တုကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

ထို့ပြင် မြန်မာများလေးစားရသည့် စာဆိုကြီး သခင်ကိုယ်တော်မှိုင်းက ရခိုင့် အာဇာနည် ရဟန်းတစ်ပါးဖြစ်သည့် ဆရာတော် ဦးဥတ္တမ အတွက် လေးလေးစားစား ဂုဏ်ပြုစပ်ဆိုထားသည့် ကဗျာကိုလည်း ဆရာတော် အသျှင်ဦးဥတ္တမ ရုပ်တု၏ နောက်ဘက်တွင် ဆရာတော် ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့်အတူ ဖတ်ရှုလေ့လာနိုင်မည် ဖြစ်သည်။

▲ ရခိုင်ပြည်ခေတ်လေးခေတ် မင်းနေမြို့တော်ဟောင်းများပြမြေပုံ▲

ရခိုင်ပြည်နယ်သမိုင်းနှင့် ပတ်သက်၍ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်ဟူသည့် ခေတ်လေးခေတ်တွင် တည်ရှိခဲ့သည့် ရှေးခေတ်မင်းနေ မြို့တော်ဟောင်းများ၊ ဆက်စပ်နေသည့် ကျောက်ချပ်များနှင့် ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီ၊ သက်၊ မရမာကြီး၊ ကမန် အစရှိသည့် ရခိုင်ပြည်နယ်၊ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများကို မှတ်တမ်းပြုစုထားသည့် ရခိုင်ပြည် ခေတ်လေးခေတ် မင်းနေမြို့တော်ဟောင်း မြေပုံမှာ လည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ပြခန်းကျင်းပရေးတာဝန်ခံ ဒေါက်တာနုမြဇံက “ ရခိုင်ပြည်နယ်မြေပုံပေါ်မှာ ရှေးတုန်းက မင်းနေ မြို့တော်ဟောင်းတွေ ဓညဝတီခေတ်ရဲ့ မြို့တော်ဟောင်းဆို ဓညဝတီမြို့တော်၊ ဝေသာလီခေတ်ရဲ့ မြို့တော်ဟောင်းဆို ဝေသာလီမြို့တော်၊ လေးမြို့ခေတ်ကတော့ မြို့တော်လေးမြို့ဖြစ်တဲ့ ပဉ္စာ၊ ပုရိန်၊ နေရဉ္စရာ တောင်ငူ၊ လောင်းကြက်စတဲ့ လေးမြို့မြစ်တစ်ဝှမ်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ မြို့လေးမြို့ ရှိပါတယ်။ မြောက်ဦးဆိုရင်လည်း အခုကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းတဲ့ အထဲမှာပါဝင်တဲ့ ရှေးဟောင်းမြို့တော် ဖြစ်တယ်။ ဒါကြောင့် ဒီပြကွက်က ရခိုင်ပြည်နယ်မှာ သမိုင်းစဉ်ဆက်ထွန်းကားခဲ့တဲ့ ခေတ်လေးခေတ်ရဲ့ မင်းနေမြို့တော်ဟောင်းများကို ပြသထား တာဖြစ် ပါတယ်”ဟု ပြောသည်။

▲ ရှေးခေတ်ရခိုင်ပြည်သုံး အက္ခရာများ▲

မင်းနေပြည်တော်မြို့ဟောင်းများ ပြကွက်အပြီးတွင် ရှေးရခိုင်တိုင်းရင်းသားတို့ ရေးသားခဲ့သည့် အက္ခရာများကို ခေတ်လေးခေတ် ကျောက်စာချပ်များဖြင့် ပြသထားရာ အက္ခရာအရေးအသားများ အဆင့်ဆင့်ပြောင်းလဲလာပုံကို လေ့လာခွင့်ရမည့် အပြင် ဓညဝတီ ခေတ်- ဗြဟ္မီ အက္ခရာ၊ ဝေသာလီခေတ် - ဒေဝနာဂရီအက္ခရာ၊ လေးမြို့ ခေတ်- ရက္ခဝဏ္ဏအက္ခရာ၊ မြောက်ဦးခေတ်- ယနေ့ သုံးအက္ခရာ စသဖြင့် ခေတ်အလိုက်ရေးသားခဲ့သည့် အက္ခရာများ၏ အခေါ်အဝေါ်ကိုပါ တစ်ဆက်တည်း ရှင်းလင်းပြသထားရာ ရှေးယခင် ကတည်းက ရခိုင်တိုင်းရင်းသားတို့၏ စာပေယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုကို ဗဟုသုတဖြစ်ဖွယ် မြင်တွေ့လေ့လာခွင့် ရမည်ဖြစ်သည်။

ထို့ပြင် စာပေကဏ္ဍ စိတ်ဝင်စားသူများအနေဖြင့် ကမ္ဘာ့မှတ်တမ်းများ အမွေအနှစ်စာရင်းဝင် အာနန္ဒစန္ဒြ ကျောက်စာကိုလည်း ပြန်ဆိုရေးသားသူများနှင့် ယှဉ်တွဲ ကာ လေ့လာခွင့်ရမည်ဖြစ်သည်။

▲(အေဒီ၂ ရာစု- ၃ ရာစု )မှ (အေဒီ ၁၇၈၄ ထိ ) ရခိုင်ပြည်သုံး ဒင်္ဂါးများ ▲

အေဒီ (၂- ၃ ရာစု) ရခိုင်ပြည်နယ်သုံး ဒင်္ဂါးများ၊ ရခိုင်ဝေသာလီခေတ် (အေဒီ ၂၉ဝမှ အေဒီ ၆၄၉)သုံး ဒင်္ဂါးများ၊ မြောက်ဦးခေတ် (အေဒီ ၁၄၃၀ မှ ၁၇၈၄) သုံး ဒင်္ဂါးများကို ထိုစဉ်က နန်းတက်ခဲ့သည့် မင်းအမည်၊ ခုနှစ် သက္ကရာဇ်တို့ဖြင့် တိတိကျကျဖော်ပြထားသည့် ဓာတ်ပုံ ဗီနိုင်းကိုလည်း စိတ်ဝင်စားဖွယ်ပင်။

“ဝေသာလီခေတ် အေဒီ ၂ ရာစု၊ သုံးရာစုကနေ အေဒီ ၁၇၈၄ ဆိုတာ ဝေသာလီခေတ်နဲ့ မြောက်ဦးခေတ် နှစ်ခေတ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဝေသာလီခေတ်ဆိုရင် အေဒီ ၂၉၀ ကနေ ၆၉၃ ဒင်္ဂါး၊ အဲဒီလို ဘာလို့ တိတိကျကျပြောနိုင်သလဲဆိုရင် ဒင်္ဂါးတွေမှာ ရှင်ဘုရင် ရဲ့ နာမည်ဘွဲ့တံဆိပ်ရယ်၊ နန်းစံတဲ့ ခုနှစ်ရယ်ကို ရေးထိုးခဲ့လို့ပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာနုမြဇံက ပြောသည်။

ဆက်လက်၍ “ရခိုင်ဘုရင်တွေဟာ နန်းတက်ပြီဆိုရင် ဒင်္ဂါးသွန်းလုပ်ကြတဲ့ အစဉ်အလာရှိပါတယ်။ သူတို့ရဲ့ မင်းအမည်နဲ့ ဘယ်နှစ်မှာ နန်းတက်တယ်ဆိုတာ မှတ်တမ်းပေါ့ ။ အဲ့ဒါကို ယူပြီး မဟာမုနိဘုရားကိုသွားပြီး အဲဒီဒင်္ဂါးတွေကို ရှေ့မှာရှိတဲ့ ဝသုန္ဒြေတွင်းလို့ခေါ်တဲ့ တွင်းထဲမှာ ထည့်ပြီးတော့မှ အလှူရေစက်ချရပါတယ်။ ဒါကြောင့် မဟာမုနိကုန်းတော်ပေါ်ကနေ ရှေးဟောင်းသုတေသနက တူးဖော်တဲ့အခါ ခေတ်ပေါင်းစုံက ဒင်္ဂါးတွေ အများကြီးတွေ့ရတယ်။ ဒါဟာ ကျွန်မတို့ ရခိုင်သမိုင်းရဲ့ ခိုင်မာတဲ့ သက်သေလည်း ဖြစ်တယ်။ နန်းစံတဲ့ မင်းအမည်ရော၊ အဲဒီမင်းနန်းတက်တဲ့ ခုနှစ်ရော သိရှိရတဲ့အတွက် အလွန်တရာကောင်းတဲ့ စာပေသမိုင်းကြောင်း အထောက်အထားတွေပဲ ဖြစ်ပါတယ်” ဟု ပြခန်းကျင်းပရေးတာဝန်ခံ ဒေါက်တာနုမြဇံက ရှင်းပြသည်။

▲ ရခိုင်ရိုးရာအဝတ်အထည်များပြခန်း ▲

ရက်ကန်းပညာတွင် ထင်ရှားကျော်ကြားလှသည့် ရခိုင်တိုင်းရင်းသားတို့ ရက်လုပ်ထားသည့် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ရခိုင်ရိုးရာအဝတ်အထည်များကိုလည်း ဒီဇိုင်းအဆင်စုံ၊ အရောင်အသွေးစုံလင်စွာ မြင်ရသည်မှာ စွဲမက်ဖွယ်ရာပင်။

“နာမည်လေးတွေအမျိုးမျိုးနဲ့ ဒီဇိုင်းအဆင်လေးတွေကို ခွဲခြားပြီး ရက်လုပ်ထားတာကို တွေ့နိုင်ပါတယ်။ ဘဲလေးချိတ်၊ မောင်ချစ်မယ်ချစ်၊ ရွှေတစ်ဆုပ်တို့ စသည် အားဖြင့် သူ့ရဲ့ရက်လုပ်တဲ့ ဒီဇိုင်းပေါ်မှာ မူတည်ပြီး နာမည်ပေးလေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသားဝတ် လုံချည်မှာဖြစ်စေ၊ အမျိုးသမီးဝတ်လုံချည်မှာဖြစ်စေ သူ့ရဲ့ ဒီဇိုင်းအဆင်လေးတွေကို အမျိုးမျိုးနာမည်ပေး ပြီးတော့မှ အဲဒါကို တန်ဖိုးထားပြီးတော့မှ ဒီနေ့အထိ အမျိုးမျိုး ရက်လုပ်တီထွင်ဆန်းသစ်လျက်ရှိကြပါတယ်”ဟု ဒေါက်တာနုမြဇံက ပြောသည်။

▲ အေးချမ်းပါစေ မြောက်ဦးမြေ ▲

ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းအလယ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများရှိသည့် မြောက်ဦးဒေသအတွင်းရှိ သမိုင်းဝင်နေရာများ၊ ရှေးခေတ်ယဉ်ကျေးမှုလက်ရာများ၊ ဘုရားပုထိုးများ၊ ဂူများ၊ မြို့ရိုးများကို ဓာတ်ပုံမှတ်တမ်းများဖြင့် စနစ်တကျစုစည်းပြသထားသည့် ရခိုင်ဘာသာစကားဖြင့် “အီးချမ်းပါဇီ မြောက်ဦးမြီ” ပြခန်းကို တွေ့မြင်ရမည်ဖြစ်သည်။
“ကမ္ဘာ့အမွေအနှစ်တင်တာက ရှေးဟောင်း‌ခေတ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ အမွေအနှစ်တင်မကဘူး၊ မျက်မှောက်ခေတ်မှာ သဘာဝနဲ့ယှဉ်တွဲပြီး ရှိနေသေး တဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ရေးရပါတယ်။ လက်ရှိ ရှိနေတဲ့ ရေကို အသုံးပြုပြီးတော့ ဖားရှာငါးရှာ ပြည်သူ တွေ သာမန်လုပ်ကိုင်စားသောက်နေတာတွေ၊ လယ်ထွန် စားသောက်တာတွေ၊ ဒါလေးတွေလည်းပေါ်အောင် ရေးရပါတယ်။ ဆိုလိုတာက ဒီသဘာ၀ အမွေအနှစ်ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး ပျက်ပြားမသွားဘဲနဲ့ သဘာဝအတိုင်း လုပ်ကိုင်စားသောက်လို့ ရနေတယ် ဆိုတာ ပေါ်လွင်အောင် ရေးရတာ ဖြစ်ပါတယ်” ဟု ဒေါက်တာနုမြဇံက ပြောသည်။

▲ ရခိုင်ဒေသ၏ထူးထွေဆန်းပြား သဘာ၀အလှရတနာများ▲

ရခိုင်ဒေသ၏ ထူးထွေဆန်းပြား သဘာ၀အလှရတနာများပြသမှုတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကမ်းခြေတစ်လျှောက်တွင် သဘာဝအတိုင်းတွေ့ရသည့် ကျောက်စရစ်ခဲ ဖြူဖြူလေးများ၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ထွက်ရှိသည့် နေပူတောင်မှ ခဲနုရောင်၊ ခဲရင့်ရောင်၊ ချောကလက်အညိုရောင် စသဖြင့် အရောင်သုံးမျိုးရှိသည့် မာဘယ်ကျောက်များ၊ ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ကမ္ဘာကျော် ငပလီကမ်းခြေ တစ်လျှောက်တွင် တွေ့ရသည့်လှပသော အဖြူရောင်သဲများ၊ မာန်အောင်ကျွန်းရှိ မြေနီတောင်ဟု ထင်ရှားသော ကျောက်တောင်မှ ထွက်သည့် မြေနီတောင်ကျောက်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အငူမော် ကမ်းခြေမှ စတင်ကာ ဘူးသီးတောင်၊ မောင်တော တစ်လျှောက် ကမ်းခြေများတွင် တွေ့ရသည့် အဖိုးတန် ဒြပ်စင် (၁၇) မျိုး ပေါင်းစပ်ပါဝင်သည့် အနက်ရောင် သဲမြေများကို လက်တွေ့ကြည့်ရှုလေ့လာနိုင်ရန် ပြသထားသည်။

ရခိုင်ရိုးရာ အဝတ်အထည်ပြခန်းအနီးတွင် လှပသော ဒေသထွက် ခရုခွံလေးများဖြင့် တန်ဆာဆင်ထားသည့် သံတွဲမြို့၏ အထင်ကရ ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ။ ထို့နောက် ရိုးရာရက်ကန်းစင်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ အထင်ကရ ဘုရားပုထိုး ပုံစံငယ် လေးများ၊ အထင်ကရနေရာများ၊ ရှုမျှော်ခင်းများ၊ ရခိုင်တိုင်းရင်းသားတို့၏ အထိမ်းအမှတ်အရုပ်များကို ပြခန်းသို့ လာရောက် ကြည့်ရှု သူများ အမှတ်တရဓာတ်ပုံရိုက်ကူး ရန် ဖန်တီးပေးထားပြန်သည်။

“ အခုလို သွေးချင်းပွဲတော်မှာ တိုင်းရင်းသားတွေ အားလုံးလည်း ကိုယ့်ရဲ့ယဉ်ကျေးမှုတွေ ခင်းကျင်းကြသလို ကျွန်မတို့ ရခိုင်ကလည်း သမိုင်းကြောင်းတွေ၊ စာပေတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊ ယဉ်ကျေးမှုအမွေ အနှစ်တွေကို တစ်စုတစ်စည်းတည်း ပြသထားတဲ့အတွက် လာရောက်ပြီး လေ့လာကြပါ။ အများကြီးဗဟုသုတရမှာပါလို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြခန်း ကျင်းပရေးတာဝန်ခံ ဒေါက်တာနုမြဇံက ပြော သည်။

▲ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်း ▲

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြခန်း မျက်နှာစာရှေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာ နွားလှည်းယဉ်ကလေးဖြင့် ပြင်ဆင်ထားရာ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူတို့ဖြင့် စည်ကားနေသည့်အပြင် ပြခန်းအတွင်း ဝင်လိုက်သည်နှင့် ရှမ်းပြည်နယ်၏ သင်္ကေတ ချယ်ရီပင်ကိုလည်း လှပစွာ စိုက်ပျိုးပြသ ထားသည်မှာ မျက်စိပသာဒရှိလှသည်။

“နွားလှည်းလေးက ရှမ်းပြည်နယ်မှာ ဘုရားပွဲတွေ သွားရင်သုံးတယ်။ တစ်ရွာနဲ့တစ်ရွာ ကူးတာတို့၊ တောင်ယာသွားတာတို့ဆိုလည်း လှည်းယဉ်ကို သုံးကြတယ်။ တောင်ပေါ်ဒေသကသူတွေအတွက် အသုံးဝင်တဲ့ လှည်းယဉ်ပေါ့။ ဒါကြောင့် အဝင်ဝမှာ ပြသထားတာပါ” ဟု ရှမ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒေါ်ခင်တင့်က ပြောသည်။

ပြခန်းအတွင်း ရှမ်းရိုးရာ အိမ်ကလေးနှင့်အတူ ရှမ်းရိုးရာတူရိယာပစ္စည်းများဖြစ်သည့် ပလွေ၊ ရှမ်း အိုးစည်၊ ဗုံရှည်၊ လင်းကွင်း စသည်တို့ကို ပြခန်းငယ်လေးများဖြင့် ဆောက်လုပ်ပြသထားသည်ကို တွေ့ရမည်ဖြစ်သည့်အပြင် ဒေသထွက်သီးနှံများအား လှပစွာ ဒီဇိုင်းများဖော်၍ စိတ်ဝင်စားဖွယ်ဖြစ်အောင် ခင်းကျင်း ပြသထားသည်ကိုလည်း မြင်တွေ့ရသည်။

ပြခန်းအတွင်း ရှမ်းရိုးရာ ခေါင်းပေါင်း၊ လွယ်အိတ်၊ အဝတ်အထည်များ၊ အသုံးအဆောင်များ၊ အစားအစာများ၊ တိုင်းရင်းဆေးဝါးများ၊ လက်မှုအနုပညာပစ္စည်း များ၊ ဒေသထွက်ကုန်များကို ဆိုင်ခန်းငယ်များ ဆောက်လုပ်ကာ ခင်းကျင်းပြသထားသည်။

“လာရောက်လည်ပတ်သူတွေ အားလုံးလည်း ရှမ်းတိုင်းရင်းသားပြခန်းကို လာရောက်ပြီး လေ့လာကြပါ။ လာတဲ့သူတွေအားလုံးကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။ ရိုးရာဝတ်စုံလေးတွေကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်”ဟု ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဒေါ်ခင်တင့်က ပြောသည်။


စုစည်းတင်ပြသူ-သီသီမင်း
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)