နေပြည်တော် ဧပြီ ၂၂
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ကူးပြောင်းသည့် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်ကုန်ဆုံးသည့် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများအားလုံးသည် သက်ဆိုင်ရာရုံးဌာနများသို့ စတင်တက်ရောက်ကြပြီး နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အင်ပြည့်အားပြည့်ဖြင့် တက်ကြွလျက်ရှိသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဝန်ကြီးဌာန ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းအင်အားအနည်းဆုံးဖြင့် ရုံးလုပ်ငန်းများကို လုပ်ငန်းစဉ်မပျက်ဆောင်ရွက်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများကို တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းစစ်ဆေး၍ လိုအပ်သည့် ပြင်ဆင်မွမ်းမံမှုများနှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်မှုအဆင်ပြေစေရေးအတွက် မြို့နယ်၊ ရပ်ကွက်အလိုက် ယာယီတည်းခိုရေးစခန်းများ စီစဉ်ဆောင်ရွက်ပေးထားသည်။
ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား
ထို့အတူ ဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ယာယီတည်းခိုရေးစခန်းများတွင် စနစ်ကျသည့် သောက်သုံးရေစနစ်၊ လျှပ်စစ်မီးစနစ်၊ ချက်ပြုတ်မှုစနစ်၊ မိလ္လာစနစ်နှင့် ကျန်းမာရေး ကြိုတင်ကာကွယ်မှုစနစ်တို့ကို စီစဉ်ဆောင်ရွက်ပေးထားရာ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ယနေ့ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်ကုန်ဆုံးသည့်နေ့တွင် နိုင်ငံ့ဝန်ထမ်းများအားလုံးသည် မိမိနေထိုင်ရာ ယာယီတည်းခိုရေးစခန်းများ၊ နေထိုင်ရာနေရာများမှ ဌာနဆိုင်ရာကြိုပို့မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာရုံးဌာနများသို့ စုံလင်စွာ တက်ရောက်လာကြပြီး သက်ဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များကို လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် စတင်ဆောင်ရွက်လျက်ရှိကြသည်။
တာဝန်ရှိသူများတက်ရောက်
နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများအားလုံး ဝန်ထမ်းများ စုံလင်စွာတက်ရောက်လျက်ရှိပြီး ရုံးလုပ်ငန်းများ လည်ပတ်လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၏ နှစ်သစ်ကူးရုံးဖွင့်ရက် ပထမနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဝန်ကြီးရုံးရှေ့ဥပစာရှိ ယာယီရုံးအဆောက် အအုံ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့သည် သင်္ကြန်ရုံးပိတ်ရက်ရှည်မှ ဝန်ထမ်းများအနားယူပြီး စိတ်သစ်၊ လူသစ်ဖြင့် စတင်ရုံးတက်သည့်နေ့ဖြစ်သကဲ့သို့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တုံ့နှေးသွားရသည့် ရုံးလုပ်ငန်းများ ပြန်လည်စတင်သည့်နေ့လည်းဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ပြီး အစိုးရယန္တရား ပုံမှန်လည်ပတ်မှု စတင်သည့် အချိန်ကာလလည်းဖြစ်ကြောင်း။
လုပ်ငန်းမပျက် ပြန်လည်လည်ပတ်
နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ယခုရက်မှစတင်၍ လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း၊ သတင်းများထုတ်ပြန်ရေးနှင့်ပတ်သက်၍ အသေးစိတ်မှာကြားပြီးဖြစ်ရာ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် နေ့စဉ် ဝန်ထမ်းများစုံလင်စွာ တက်ရောက်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ မိမိတို့ရုံးနှင့် ရုံးဝန်းကျင်တွင် ယာယီဘာရှာများ၊ မိုးကာတဲများဆောက်လုပ်၍ ဝန်ထမ်းများ နေရာချထားပေးပြီးဖြစ်ရာ မပျက်မစီးဘဲ ကျန်ရှိခဲ့သည့် ရုံးအဆောက်အအုံ၏ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် တက်ရောက်လာသည့် ဝန်ထမ်းများကို အဆင်ပြေအောင် နေရာချထားကာ လုပ်ငန်း မပျက် ပြန်လည်လည်ပတ်အောင် စီစဉ်ဆောင်ရွက်သွားကြရန် မှာကြားသည်။
လိုက်လံကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းများ လတ်တလောနေရာချထားပေးမှုနှင့် မိုးကာတဲများ၊ ဘာရှာတဲများ ဆောက်လုပ်နေမှုအခြေအနေ၊ သွားလာနေထိုင်ရေး စီစဉ်ပေးထားမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရုံးဝန်းကျင်ဆောက်လုပ်ထားသော မိုးကာတဲများ၊ ယာယီတဲများ ဆောက်လုပ်နေမှု၊ ဆောက်လုပ်ရန် လျာထားနေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ အခြားသောဝန်ကြီး ဌာနများတွင်လည်း လုပ်ငန်းစတင်ရက်ဖြစ်သည့်အားလျော်စွာ အစည်းအဝေးများကျင်းပခြင်း၊ နေရာချထားမှုများ လိုက်လံကြည့်ရှုခြင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်