Skip to main content

ထာဝရငြိမ်းချမ်းရေးလမ်းသို့ အတူလျှောက်လှမ်း

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် နိုင်ငံဖြစ်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေး အထူးလိုအပ်သည်။ ထာဝရငြိမ်းချမ်းရေး လမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် ဦးစွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုး၍ အတူလျှောက်လှမ်း နေကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက် သွားမည်” ဟူသည့် လုပ်ငန်းစဉ်ကို ချမှတ်ထားသည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံရေး ဦးတည်ချက်တွင်လည်း အလားတူ ဦးတည်ချက်ကို ချမှတ်ထားပြီး ထာဝရ ငြိမ်းချမ်းရေး အကောင်အထည်ပေါ်လာစေရန် ရည်မှန်းထားသည်။ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရာတွင် ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး သဘောတူညီချက်များအရ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စု ပုံသဏ္ဌာန် ပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်း=ဟူသည့် ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်ရန်အရေးကြီးသည်။ မည်သို့ပင် ပြဿနာများ၊ ရှိသည်ဖြစ်စေ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမည်ဆိုပါက အတိုင်းအတာ တစ်ခုအထိ ပြဿနာကို လျှော့ချနိုင်မည် ဖြစ်သည်။ သာဓကအားဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာကို ရှုမြင်သုံးသပ် ကြည့်မည်ဆိုလျှင် ယခင် အစိုးရလက်ထက်က တပ်မတော်အနေဖြင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကောင်းမွန်စေရန် တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့သော်လည်း လက်မခံမဆက်ဆံ လျစ်လျူရှုမှုများကြောင့် မဖြစ်သင့်သော အဖြစ်များနှင့် ကြုံတွေ့ခဲ့ရပေသည်။ အဓိကမှာ တိုင်းရင်းသားပြည်သူများသာ ထိခိုက်နစ်နာ ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်အနေဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုး စီးပွားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းကို အတတ်နိုင်ဆုံး ရွေးချယ်၍ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မိမိတို့ အနေဖြင့် မိမိတို့တိုင်းရင်းသားများကြားတွင် မကျေလည်မှုများ၊ သံသယများ၊ မယုံကြည်မှုများ၊ စိုးရိမ်မှုများသည် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဆိုခြင်းကို မီးမောင်းထိုးပြလိုခြင်းဖြစ်ကြောင်း” အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁) တွင် ပြောကြားထားသည်။ ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက်နေခြင်းသည် တည်ငြိမ်အေးချမ်းသည့် အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်ပေါ်လာအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။ မည်သို့သော အမြင်မတူ သဘောကွဲလွဲမှုများရှိသည်ဖြစ်စေ တိုင်းပြည်နှင့် လူမျိုး ရေရှည်အကျိုး စီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက်မည်ဆိုသည့် စစ်မှန်သောသဘောထားဖြင့်၊ အသိတရား ဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ကြပါက တိုင်းရင်းသား ပြည်သူအားလုံးအတွက် အကောင်းဆုံး ဖြစ်စေမည့် ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကကို တည်ဆောက် နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီသည် အများဆန္ဒအတိုင်း ဆောင်ရွက်ရသလို အနည်းစုဆန္ဒများ ကိုလည်း ပစ်ပယ်ထား၍လည်း ရမည်မဟုတ်ပေ။ ဒီမိုကရေစီသည် အင်အားဖြင့် အနိုင်ယူခြင်း မဟုတ်ဘဲ ဥပဒေစည်းကမ်းနှင့်အညီ ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်သည်။ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် လည်းကောင်း၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်ရာတွင်လည်းကောင်း၊ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို တိုင်းရင်းသား ပြည်သူအားလုံး တစ်ပြေးညီရရှိအောင် အတူလက်တွဲပါဝင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ အမှန်တကယ်တွင် ငြိမ်းချမ်းရေး ကို လိုလားကြ၍လည်း သဘောတူညီမှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှတစ်ဆင့် တိုင်းရင်းသားပြည်သူအားလုံး အလိုရှိနေသည့် ဒီမိုကရေစီဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သော အခင်းအကျင်း များကို အုတ်မြစ်ချခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတော်ကို တည်ဆောက် နိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများကြားတွင် ဖြစ်ပေါ်နေသော သံသယများ၊ မယုံကြည်မှုများ၊ စိုးရိမ်မှုများ ကို ထာဝရငြိမ်းချမ်းသော လမ်းပေါ်တွင် ယုံကြည်မှုဖြင့် ဆွေးနွေးညှိနှိုင်း အတူလျှောက်လှမ်းခြင်း ဖြင့်သာ ရရှိနိုင်မည် ဖြစ်ပါကြောင်း။