တပ်မတော်သည် တိုင်းရင်းသား ပြည်သူအားလုံးတို့အပေါ်တွင် ရင်ဝယ်သားကဲ့သို့ တန်းတူထားကာ စောင့်ရှောက်ကူညီပေးလျက်ရှိသည်။ နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်ကြသော ပြည်သူပြည်သားများအပေါ်တွင် မည်သည့်အခြေအနေတွင်မျှ၊ မည်သည့် အခါတွင်မှ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ဆက်ဆံခြင်း မပြုလုပ်ခဲ့ပေ။ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏အကျိုးစီးပွားကို ထာဝစဉ်ဦးထိပ်ပန်ဆင်ပြီး ပြည်သူသာအမိ၊ ပြည်သူသာအဖ စိတ်ထားဖြင့် စောင့်ရှောက်ကူညီပေးလျက်ရှိသည်။
ပြည်တွင်းတွင် အေးချမ်းစွာရပ်တည် နေထိုင်လုပ်ကိုင်နေကြသော ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ကြပြီး ဒုက္ခအခက်အခဲရောက်နေကြသော မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူများကိုလည်း ကယ်တင်ဆောင်ရွက် ပေးလျက်ရှိသည်။ မတ်လ ၁ ရက်နေ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၄/၂၀၂၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မလေးရှားနိုင်ငံတွင်ရောက်ရှိပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၁၀၈၆ ဦးအား တပ်မတော်ရေယာဉ်ဖြင့် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား ဆက်လက် ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပြည်ပနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ပထမဆုံးအကြိမ် တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းသည် တပ်မတော်၏ ထူးခြားသော ဆောင်ရွက်ချက်ဖြစ်သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အောင်မြင်မှု မှတ်တိုင်တစ်ခု လည်းဖြစ်သည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံရပ်ခြား တွင် ကာလရှည်ကြာစွာ ပြန်လာရန် အခက်အခဲကြုံတွေ့နေသည့် ပြည်ပရောက် မြန်မာနိုင်ငံသား ရေလုပ်သားများအား အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်ခဲ့သည်။
လမ်းညွှန်ချက်အရ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြ သည့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ကရင်တိုင်းရင်းသား ၁၅ ဦး၊ ရခိုင်တိုင်းရင်းသား ၁၅ ဦး၊ ဗမာလူမျိုး ၄၀ စုစုပေါင်း မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အိန္ဒိယနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံပြီး မတ်လ ၉ ရက် နေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ပို့ဘလဲယား (Port Blair) ရေတပ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ရာ မတ်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ချောမောစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် သက်သေခံလက်မှတ် ထုတ်ယူထားရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးအောင်မြင်ပြီး ဖြစ်သည်။
“တပ်မတော်အနေဖြင့် ယခင်အစိုးရလက်ထက်တွင် ပြည်ပရောက် မြန်မာ နိုင်ငံသားများအား ခေါ်ယူနိုင်ရေးအတွက် တင်ပြဆောင်ရွက်ခဲ့သော်လည်း ခွင့်ပြုချက်မရရှိသဖြင့် ပြန်လည် ခေါ်ယူနိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူများမှာ ပြည်ပနိုင်ငံများတွင် အချိန်ကြာမြင့်စွာ ဒုက္ခဆင်းရဲခံကာ နေထိုင်ခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပထမအကြိမ်အဖြစ် မလေးရှားနိုင်ငံတွင် ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံသား တိုင်းရင်း သားပြည်သူ ၁၀၈၆ ဦးနှင့် ယခု အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် ရောက်ရှိခဲ့ကြသည့် မြန်မာတိုင်းရင်းသားပြည်သူ ၇၀ တို့ကို တပ်မတော်မှ စစ်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သည်။ ဆက်လက်၍ ပြည်ပနိုင်ငံများတွင် ဒုက္ခအခက်အခဲရောက်ပြီး မြန်မာနိုင်ငံသို့ပြန်လာလိုကြသော နိုင်ငံသားများ ကို ပြန်လည်ခေါ်ဆောင်ပေးဦးမည်ဖြစ်သည်။ “မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသော တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကင်းစင်ရေး၊ ၎င်းတို့၏ မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့ကိုပါ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ပြည်ပရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား ပြန်လည် ခေါ်ယူခဲ့ရာတွင် လမ်းခရီးတစ်လျှောက်၌ လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သောကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးမှုတို့မှအစ တပ်မတော်သည် အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့သည်။
တပ်မတော်သည် အေးချမ်းစွာနေထိုင်လုပ်ကိုင်ကြသော တိုင်းရင်းသား ပြည်သူများအပေါ်တွင် ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ကူညီပေးလျက်ရှိပြီး တိုင်းပြည်ကို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်လျက်ရှိသော ဆူပူလှုပ်ရှား ကြသူများကိုသာ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် လျက်ရှိသည်။ ပြည်သူ ပြည်သားများအပေါ်တွင် ဘာသာ၊ လူမျိုး၊ အဆင့်အတန်းမခွဲခြားဘဲ စေတနာ အပြည့်အဝထားပြီး ကာကွယ်စောင့်ရှောက်ကူညီပေးလျက်ရှိသည်ကို တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်မှုဖြစ်စဉ်များ နှင့် ယခု ပြည်ပရောက် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင် ပေးမှုများဖြင့် အောင်မြင်စွာ သက်သေပြနိုင်ခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက် ပေးလျက်ရှိသည်များကို (၇၆) နှစ် မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖော်ညွှန်းတင်ပြလိုက်ရပါကြောင်း။
နောက်ဆုံးရသတင်းများ
28 Apr, 2025

28 Apr, 2025