မြန်မာနိုင်ငံမှပြည်သူများ နေ့စဉ်လက်မလွှတ်နိုင်သောအရာမှာ ဖေ့စ်ဘွတ်သုံးစွဲခြင်းဖြစ်သည်။ မြန်မာပြည်မှ ဖေ့စ်ဘွတ်သုံးစွဲသူများသည် နေ့စဉ်နေ့တိုင်း ၎င်းတို့၏ အကြောင်းအရာများကို သူငယ်ချင်းများအား မျှဝေရန်၊ ကမ္ဘာတစ်ဝန်းမှ အဖြစ်အပျက်များကို အခြားသူများ၏ အမြင်များနှင့်အတူ သိရှိနိုင်ရန်၊ ၎င်းတို့၏ စိတ်ဝင် စားဖွယ်အကြောင်းအရာများကို ဖတ်ရှုနိုင်ရန် ဖေ့စ်ဘွတ်ကို သုံးစွဲနေကြသည်။
ဖေ့စ်ဘွတ်သည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလတွင် ကမ္ဘာသည် ရွာကြီးတစ်ရွာသဖွယ် တစ်ဦးနှင့်တစ်ဦး အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပြောဆို ဆက်ဆံနိုင်အောင်၊ အသိအမြင် ဗဟုသုတများ ဖလှယ်နိုင်အောင် ဖန်တီးပေးထား သည်။ အထူးသဖြင့် လူသားကောင်းကျိုးများ မျှဝေပေးနိုင်အောင် ကြားခံအကျိုးဆောင်ပေးသော အကျိုးပြုပစ္စည်းဖြစ်သည်။ သို့သော် လူသားမျိုးစုံတို့ လွတ်လပ်စွာ အသုံးပြုခွင့်ရသောအခါ ကောင်းကျိုးပြုသည်များရှိသလို ဆိုးကျိုးပြုလိုသူများလည်း ရှိလာခဲ့သည်။ အကယ်၍ တာဝန်ရှိသူအဖွဲ့အစည်းက ဖေ့စ်ဘွတ်ကို ခေတ္တပိတ် လိုက်သည်နှင့် မကျေနပ်မှုများ ချက်ချင်းဖြစ်လာခဲ့သည်။
ဖေ့စ်ဘွတ်ကို ရည်ရွယ်ချက် ကောင်းမွန်စွာဖြင့် တည်ထောင်ပေးထားခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ် ဆိုင်ရာ အများပြည်သူနှင့်သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ တည်ထောင်ထားခြင်းဖြစ်သည်။ သတင်းအချက်အလက်များကို မျှဝေသည့်အခါ သုံးစွဲသူ အချင်းချင်း လုံခြုံစိတ်ချပြီး လေးစားမှုရှိသည့် ပတ်ဝန်းကျင်ဖြစ်စေရန် အရေးကြီးသည်ဟု ညွှန်းဆိုထားသည်။ ထို့ကြောင့် ဖေ့စ်ဘွတ်တွင် မည်သည့်အကြောင်းအရာများကို ခွင့်ပြုသည်။ မည်သည့် အကြောင်းအရာများကို ခွင့်မပြုပါဟူသည့်လူမှုကွန်ရက်စံနှုန်းများကို ပြဋ္ဌာန်းထား သည်။ ဖေ့စ်ဘွတ်တွင် မရှိသင့်ဘူးထင်သည့် အကြောင်းအရာများကိုလည်း ဖေ့စ်ဘွတ်သို့ တိုင်ကြားနိုင်သည်ဟု ဆိုထားသည်။ တိုင်ကြားချက်အားလုံးကို အမည်လျှို့ဝှက်ထားမှာဖြစ်ပြီး တိုင်သည့်အကြောင်းအရာသည် ဖေ့စ်ဘွတ်၏ မူဝါဒများကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ပြန်လည် အသိပေးသွားမည်ဟု ဆိုထားသည်။
ဖေ့စ်ဘွတ်၏ လူမှုကွန်ရက်ပေါ်မှ သတ်မှတ်ထားသည့် စံနှုန်းအချို့မှာ “ကျေးဇူးပြု၍ အမုန်းစကား မပြောကြားပါနှင့်။ အွန်လိုင်းပေါ်တွင် အခြားသူများအား အနိုင်ကျင့်ခြင်း၊ နှောင့်ယှက်ခြင်းကို တားမြစ်သည်။ ကျေးဇူးပြု၍ အကြမ်းဖက်များနှင့် ခြိမ်းခြောက်မှုများ ဖြစ်စေသည့်ပို့စ်များ မပြုလုပ်ပါနှင့်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လေးစားပါ” စသည်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာ လွတ်လပ်ခွင့်နှင့် ကာကွယ်ခွင့်များကို ဖော်ပြထားသည်။ ဖေ့စ်ဘွတ်သည် စည်းမျဉ်းချိုးဖောက်သည့် အကြောင်းအရာအားလုံးကို တိုင်ကြားနိုင်ပါသည်။ စည်းကမ်းချိုးဖောက်သည့် အကြောင်းအရာများ တိုင်ကြားနည်းကို ဖေ့စ်ဘွတ် စာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်ဟု ဆိုထားသည်။ ။
နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်နေသောအချိန်အခါတွင် ဖေ့စ်ဘွတ်မှတစ်ဆင့် မတည်မငြိမ် ဖြစ်မှုများကို အလျင်အမြန်ကြီးထွားလာအောင် တွန်းအားပေးသလို ဖြစ်လာနေသည်။ မြန်မာပြည်ရှိ ဖေ့စ်ဘွတ်သုံးစွဲသူအားလုံးတွင် ၈၀ ရာခိုင်နှုန်းသည် မူလက ကောင်းသည့် အသွင်ဖြင့် အသုံးပြုရာမှ မကောင်းသည့်ဘက်သို့ အနည်းနှင့် အများ ရောက်ရှိသွားသည်။ အမုန်းစကားများမှအစ အမြင်မတင့်ဖွယ်ရာများအဆုံး အားလုံးဖြန့်ဝေလာခဲ့သည်။ ပဋိပက္ခ များကို မြေပြင်အနေအထားထက် ပိုမိုကြီးမားလာအောင် ဖြန့်ဝေလာကြသည်။ လူပုဂ္ဂိုလ် တစ်ဦးချင်း ထိခိုက်နစ်နာအောင်၊ အန္တရာယ်ဖြစ်အောင် ပြုလုပ်လာကြသည်။ ဆူပူအုံကြွမှု ကြီးမားလာအောင်၊ အဖျက်လုပ်ရပ်များ ပိုမိုလုပ်လာအောင် သွေးထိုးလှုံ့ဆော်လာကြသည်။
ပြည်သူအချင်းချင်း မေတ္တာတရားကင်းမဲ့ပြီး ဂုဏ်သိက္ခာမဲ့အောင်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်အောင်၊ ဘေးဒုက္ခကျရောက်အောင်၊ ရပ်တည်နေထိုင်၍ မရအောင် ပြုလုပ်လာကြသည်။ ထို့အပြင် နိုင်ငံရေးသမားများနှင့် ပြည်တွင်း၊ ပြည်ပမှ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေလိုသူများက ဆန့်ကျင်ရေး၊ ပုန်ကန်တော်လှန်ရေး၊ အဖျက်လုပ်ရပ်များ လုပ်ဆောင်ရေး တို့ကို နည်းလမ်းမျိုးစုံ လုပ်ကိုင်လာကြသည်။ ယခုအခါ ဖေ့စ်ဘွတ်၏စံချိန်စံညွှန်းများလည်း ပျောက်ကွယ် သွားခဲ့ပြီ။ နစ်နာသူများက မည်သို့တိုင်ကြားရမည်ကိုလည်း မသိတော့ချေ။ သို့ပါ၍ တိုင်းပြည်ပျက်စီးစေနိုင်သော၊ အများပြည်သူ ဒုက္ခရောက်စေနိုင်သော လူသားချင်းမစာနာသည့် ဖေ့စ်ဘွတ်သုံးစွဲမှုကို ရှောင်ရှားစေလိုပါကြောင်း။
နောက်ဆုံးရသတင်းများ
28 Apr, 2025

28 Apr, 2025