Skip to main content

ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ နည်းလမ်းများအတိုင်း အဖျက် အမှောက်လုပ်ရပ်များကို လုပ်ဆောင်

နေပြည်တော်၊ ဧပြီ ၁၀ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် လုံခြုံရေးယာဉ်တန်းအား ဆူပူအကြမ်းဖက်သူလူတစ်စုက ဧပြီလ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဥဿာမြို့သစ်၊ (၈) ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းမကြီး မိုင်တိုင်အမှတ် ၄၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံ အကြား နေရာသို့ အရောက်၌ ချိန်ကိုက်မိုင်း ၁ လုံးဖြင့် ပေါက်ကွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယာဉ်တန်းတွင် ပါဝင်သည့် ရှေ့ပြေးယာဉ်တွင် ဝဲတာယာပွန်းပဲ့၊ ရှေ့လေကာ မှန်အက်၊ ဝဲဘက်မှန်ကွဲအက် ပျက်ဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ယနေ့နံနက် ၂ နာရီ ၄၀ မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်) ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား ဆူပူအကြမ်းဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက် ခဲ့သဖြင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ သွားရောက် မီးငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ အရှေ့ရပ်ကွက်၊ ၈၁ လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားရှိ ဆိုင်ခန်း ၁ ခန်းရှေ့သို့ ဆူပူအကြမ်းဖက်သူ ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး အဆိုပါလက်လုပ်ဗုံးမှာ ဆိုင်ရှေ့ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူ၊ အဆောက်အဦထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရ သည်။ ထို့အတူ နံနက် ၉ နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၃၄လမ်း နှင့် ၇၇ လမ်း၊ ရတနာပုံဈေးအရှေ့တောင်ထောင့်ရှိ စည်ပင်သာယာအမှိုက်ကန်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ၁ လုံးအား Keypad ဖုန်း ၁ လုံးဖြင့် ချိတ်ဆက်၍ ဖောက်ခွဲခဲ့သည်ကို တွေ့ရှိရပြီး အဆိုပါပေါက်ကွဲမှု ကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။ ထို့အပြင် နံနက် ၉ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ လမ်း ၈၀၊ ၃၉ လမ်းနှင့် လမ်း ၄၀ အကြားရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခွဲ ကျောင်းဝင်းအတွင်းသို့ ၃၉ လမ်းအတိုင်း ဆိုင်ကယ် ၁ စီးအား မောင်းနှင်လာသော အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါဗုံးမှာ ကျောင်းဝင်း အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။ အလားတူ နေ့လယ် ၁၁ နာရီအချိန်ခန့်တွင် ပဲခူးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးဝင်းအတွင်း လက်လုပ်မိုင်း ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘောစေ့၊ အင်ဂျင်ဝိုင်၊ ဓာတ်ဆီ၊ ဒီဖယ်ဆီတို့ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်မဲ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်များအတွင်း အကြမ်းဖက်မှုလုပ်ရပ်ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်