Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းစာအုပ် ထုတ်ဝေ

နေပြည်တော် ဧပြီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ထုတ်ဝေဖြန့်ချိသည်။
အဆိုပါမိန့်ခွန်းစာအုပ်တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာများ စုစုပေါင်း ၁၇ ပုဒ်ကို စုစည်းဖော်ပြပေးထားသည်။
မတ် ၃ ရက်တွင် ကျင်းပခဲ့သည့်အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၁) တွင် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဒီမိုကရေစီနှင့်ပတ်သက်၍ လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍လည်းကောင်း မည်သို့ပင် အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတ ဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန်လိုအပ်ကြောင်း၊ မိမိဆန္ဒနှင့် မကိုက်ညီပါက ရန်သူလို့ သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ် ထားခြင်းမျိုးသည် ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေစီနှင့် လုံးဝကိုက်ညီမှုမရှိသည်ကို
တွေ့ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ်မှုသည်လည်း လူ့အဖွဲ့ အစည်းအတွင်း ကွဲပြားမှုများကိုဖြစ်ပေါ်စေပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ခွဲခြားဆက်ဆံမှု များကို မိမိတို့လူ့အဖွဲ့အစည်းအတွင်း မကျင့်သုံးနိုင်အောင် စဉ်းစား
ဆောင်ရွက်ရန်လိုအပ်ကြောင်း” ပြောကြားသည့် အမှာစကား၊ မတ် ၈ ရက်တွင် ကျင်းပခဲ့သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး(၅/၂၀၂၁)တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅)ရပ်တွင် စည်းကမ်းပြည့်ဝပြီး အနှစ်သာရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဆိုသည့်အချက်ပါဝင်
ကြောင်း၊ သို့ဖြစ်၍ အသက်ပြည့်ပြီး မဲပေးခွင့်ရှိသူတိုင်း ဥပဒေနှင့်အညီ မဲပေးနိုင်ရေးအတွက် မှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်ပြား
ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသက်ပြည့်သူတိုင်း မဲပေးနိုင်ရေး အထူးစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သက်သေခံကတ်ပြားများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း NCA တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအား လုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်
ကြောင်း၊ ထို့ပြင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အနေဖြင့် ယင်းအချက်ကို ဦးစားပေးလုပ်ငန်းစဉ်ထဲတွင် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း” စသည့် အကြောင်းအရာများအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းများ၊ သဝဏ်လွှာများကို စုစည်းထုတ်နုတ် ထားသည်။
ယင်းစာအုပ်ကို အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ရန်ကုန် မြို့ရှိ စာပေဗိမာန်စာအုပ် အရောင်းဆိုင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင် တို့တွင် တစ်အုပ်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်သည်။
သတင်းစဉ်