Skip to main content

ဖောင်းပွထားသည့်ကိန်းဂဏန်းများ

လူ့သဘာဝအရ စိတ်ခံစားမှုသည် အလွယ်တကူ ဖြစ်နိုင်သော်လည်း ဆင်ခြင်စဉ်းစားရန်အတွက်မှာမူ အလေ့အထလည်း ရှိပါမှ၊ ဆင်ခြင်စဉ်းစားနိုင်သည့် ဉာဏ်အရည်အသွေးလည်း ရှိပါမှ ဖြစ်နိုင်သည်။ သို့ဖြစ်သည့်အတွက် လူအများစုမှာ စိတ်ခံစားမှုကိုသာ ဦးစားပေးတတ်ကြသည်။ နောက်ထပ် လူ့သဘာဝတစ်ခုမှာ ကောင်းသတင်းထက် ဆိုးသတင်းကို လည်းကောင်း၊ အပြုအဖြစ်သတင်းထက် အပျက်အဖျက် သတင်းကိုလည်းကောင်း ပို၍စိတ်ဝင်စားတတ်ကြခြင်းဖြစ် သည်။ နောက်ထပ် လူ့သဘာဝတစ်ခုမှာ အမှားတစ်ခုကို အမှန် အဖြစ် အကြိမ်ကြိမ်အထပ်ထပ် ကြားသိလာရသည်နှင့်အမျှ အမှန်ဟူ၍ လက်ခံလာတတ်ကြခြင်းဖြစ်သည်။

ဆိုခဲ့ပါ လူ့သဘာဝတို့ကို အသုံးချကာ နိုင်ငံရေးအဖွဲ့အစည်းများ၊ ကျင့်ဝတ်နှင့်သိက္ခာမဲ့သည့် သတင်းမီဒီယာများက ၎င်းတို့၏ ဝါဒဖြန့်ချိရေးလုပ်ငန်းများ၊ သတင်းဖြင့် စီးပွားရှာသည့် လုပ်ငန်းများ တွင်ကျယ်အောင်မြင်ရေး၊ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် ဆောင်ရွက်လေ့ရှိကြသည်။ မိမိတို့ နိုင်ငံတွင် လူသုံးများသည့် လူမှုကွန်ရက်မီဒီယာဖြစ်သည့် ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြမှုများ၊ မှတ်ချက်ပြုမှုများကို ကြည့်လျှင် လူတို့၏သဘာဝကို ထင်ထင်ရှားရှား တွေ့နိုင်သည့် အလျောက် ဖေ့စ်ဘုတ်မှတစ်ဆင့် ဝါဒဖြန့်ချိမှု၊ အမှားကို အမှန်လုပ်မှု၊ သတင်းအတုအယောင်၊ သတင်းအမှားများကို ရည်ရွယ် ချက်ရှိရှိ အကြိမ်ကြိမ်အထပ်ထပ် ဖော်ပြမှုတို့ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစကာ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သူများ၏ အရေအတွက်ကို မြန်မာနိုင်ငံအတွင်း၌ မရှိသည့် တရားမဝင် အဖွဲ့အစည်းတစ်ခုက အခြေအမြစ်မဲ့ဖော်ပြခဲ့ပြီး ၎င်းအရေ အတွက်ကိုပင် ပြည်ပသတင်းဌာနအချို့က ကိုးကားဖော်ပြ ခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို အင်အားသုံးဖိနှိပ် ဖြိုခွင်းသတ်ဖြတ်ခဲ့သည့် အနေအထားမျိုး သတင်းတွင် ပုံဖော် ခဲ့ကြခြင်းလည်းဖြစ်သည်။ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုက အထင်အမြင် လွဲမှားလာစေရန် ရည်ရွယ်၍ အစိုးရယန္တရားကို ပျက်ပြားစေလိုသည့် အဖျက် သမား သောင်းကျန်းသူများနှင့် ၎င်းတို့ကို ထောက်ခံအားပေးသည့် ပြည်ပလက်ဝေခံ မီဒီယာများ၏ လုပ်ကြံမှုပင်ဖြစ်သည်။

လူမှုကွန်ရက်တွင် တင်ထားသော အခြေအမြစ်မရှိသည့် သတင်းအတု၊ သတင်းအမှားများကိုအခြေခံ၍ စုစည်းထားသည့် ကိန်ဂဏန်းများကို မြန်မာပြည်တွင်း၌ မရှိသော တရားမဝင် အဖွဲ့အစည်းတစ်ခုက အမှန်တကယ်သေဆုံးသည့်စာရင်းအဖြစ် ထုတ်ပြန်နေခြင်းဖြစ်ပြီး စနစ်တကျ မှတ်တမ်းတင်ထားသည့် စာရင်းထက် သုံးဆခန့် ပိုမိုဖောင်းပွနေသည့်ထိုအတုအယောင် စာရင်းကိုပင် နိုင်ငံတော်အေးချမ်း တည်ငြိမ်ရေးကို မလိုလားသည့် မီဒီယာများကရည်ရွယ်ချက်ရှိရှိ အသုံးပြုနေခြင်းပင်ဖြစ်သည်။

မည်သည့်နိုင်ငံမဆို မြို့ရွာများတည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့ ဆောင်ရွက်ကြရာတွင် အခြေအနေအပေါ်လိုက်၍ လိုအပ်သလို ဆောင်ရွက်ကြရစမြဲပင် ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဆူပူအကြမ်းဖက် လူစုလူဝေးများကို ထိန်းသိမ်းရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲဥပဒေ (၁၉၅၆)ခုနှစ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်း လက်စွဲစာစောင် (၂၀၁၅) ခုနှစ်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်လျက် ရှိသည်။ ရဲစခန်းများကို လူစုလူဝေးဖြင့် စီးနင်းခြင်း၊ သေစေ နိုင်သည့် လက်နက်ခဲယမ်းများ စွဲကိုင်၍ ရင်ဆိုင်တိုက်ခိုက်ခြင်း တို့ကိုမူ ၎င်းတို့၏ အတိုင်းအတာအလိုက် အကန့်အသတ်ဖြင့် တုံ့ပြန်ပစ်ခတ်ခြင်းသာဖြစ်သည်။

အကြမ်းဖက်သူ လူစုလူဝေးများက “ငါနှင့်မတူ ငါ့ရန်သူ” ဟူ၍သဘောထားကာ အေးချမ်းစွာနေလိုသူ အပြစ်မဲ့ပြည်သူများအား ဒလန်/သတင်းပေးဟု စွပ်စွဲပြီး ရက်စက်စွာသတ်ဖြတ်ခြင်း၊ လူ့ဂုဏ်သိက္ခာ ဆုံးရှုံးစေသည်ထိ လူမဆန်စွာပြုမူခြင်းတို့ကြောင့် သေဆုံး/ဒဏ်ရာရသူများ၊ ဖျက်ဆီးခံရသည့် အိမ်ရာများ၏ ကိန်းဂဏန်းအရေအတွက်တို့မှာမူ တစ်ဖက်စောင်းနင်း မီဒီယာများက မသိကျိုးကျွန်ပြုကာ နှုတ်ဆိတ်နေကြသည့် ကိန်းဂဏန်းများဟုဆိုရမည် ဖြစ်ပါကြောင်း။ ။