ပညာသည် လူ့ဘောင်လောကအတွက် အခြေခံအရင်းအမြစ်ဖြစ်သည်။ ပညာသည် သုံးစွဲမကုန် နိုင်သော အရင်းအနှီးဖြစ်သည်။ ပညာဖြင့် ဘဝကိုအလှဆင်နိုင်သည်။ ပညာသည်သာ လူ့ဘောင် လောက၏ မီးရှူးတန်ဆောင်ဖြစ်သည်။ ပညာမတတ်လျှင် အကန်းနှင့်တူပြီး ပညာတတ်လျှင် ဘဝတွင် အမှန်အမှား ခွဲခြားဆင်ခြင်နိုင်ကာ ပညာသည်ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ဖန်တီးနိုင်ပေသည်။ ပညာသည် လောကတွင် တန်ဖိုးကြီးမားသောအရင်းအနှီးဖြစ်၍ မွေးဖွားသည်မှစ၍ သေဆုံးသည်အထိ ပညာကို အပတ်တကုတ်ရှာဖွေနေရသည်။ ကလေးသူငယ်၊ လူငယ် လူရွယ်များအဖို့ကား ပညာဖြင့်သာ ဘဝကိုပျိုးထောင်နေရသည်။ ပညာဖြင့်သာ ဘဝတွင် ရှင်သန်နေရသည်။ လူငယ်လူရွယ်များမှာ ပညာသင်ကြားရသည့် အရွယ်ဖြစ်ပြီး ပညာ သင်ကြားရလျှင် ဘဝဝန်းကျင်တွင် ရော်ရွက်များလွင့်ပါးသကဲ့သို့ အချိန်များအချည်းနှီး ကုန်ဆုံးကာ လေလွင့်ပျက်စီးတတ်သည်။ ထို့ကြောင့် ကလေး သူငယ်၊ လူငယ်လူရွယ်များမှာ စဉ်ဆက်မပြတ် ပညာသင်ကြားနေကြရသည်။
မြန်မာနိုင်ငံတွင် ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပညာသင် နှစ်တစ်နှစ် ဆုံးရှုံးခဲ့ရသည်။ ယခုအခါ ပညာသင်ကြားခွင့်များ မဆုံးရှုံးစေရန် ပညာ သင်ကြားရေးကို စီမံဆောင်ရွက်ပေးလာသည်။ ယခုမေလ ၅ ရက်နေ့တွင် တစ်နှစ်ကျော်ပိတ်ထားခဲ့သော တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက် ၍ ဇွန်လမှစ၍ အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်ရန် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ ကျောင်းများပိတ်ထား ရသည့်အတွက် ကျောင်းသားမိဘများနှင့် နိုင်ငံ အတွက် ဆုံးရှုံးမှုများရှိသဖြင့် ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များလိုအပ်သကဲ့သို့ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝများ မျှော်လင့်ချက်ရှိလာအောင် ပညာသင်ကြားကြရသည်။ ထို့ကြောင့် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး ပညာတတ်ကျောင်းသားများဖြစ်လာစေရန်အတွက် ကျွမ်းကျင်သည့် ဆရာ/ဆရာမများက ပျိုးထောင်သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်သည်။ ယခုသင်ကြားပေးသည့် ပညာရပ်များသည် ယခင်အစိုးရများ ချမှတ်ထားခဲ့သည့် အမျိုးသား ပညာရေးမူဝါဒအတိုင်း သင်ကြားပေးနေခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ယခုအခါ ကျောင်းမတက်ရန်အတွက် ဖျက်လိုဖျက်ဆီးလုပ်လိုသူများက ခြိမ်းခြောက် ဖျက်ဆီးနေပြီး ထိုသို့ အဖျက်လုပ်ငန်းများဆောင်ရွက်ခြင်းသည် နိုင်ငံကို ပျက်စီးအောင် ဖျက်ဆီးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာတတ်များပေါများ လာမည်ကို နိုင်ငံရေး လုပ်စားသူများက မလိုလားဘဲ ပြည်သူများ ဒုက္ခအခက်အခဲဖြစ်အောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး မိုက်မဲသည့်လုပ်ဆောင်မှုများသာဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစတင်ပြီး ဆူပူမှုများဖြစ်ပေါ်လာရာ ယခုအခါတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်သည်။ သို့သော် ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူအချို့က CDM လှုပ်ရှားမှုတွင် ပေါ်ပေါ်ထင်ထင် မပါဝင်သော်လည်း လက်အောက်ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ဟု ကြားသိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အဆိုပါတာဝန်ရှိ သူများအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သည်အထိ ထိရောက်စွာဖော်ထုတ်အရေးယူသွားရန် လိုအပ်ပေသည်။
စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ အခြားအဆောက်အအုံများကို မီးရှို့ ဖျက်ဆီးခြင်းနှင့် ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နေသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်ဟန့်တား နိုင်သော အရေးယူမှုများ ဆောင်ရွက်ရန်လိုအပ်ပေ သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသောသူများသည်နိုင်ငံကို ဖျက်ဆီးနေသူများဖြစ်၍ ၎င်းတို့ကို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကာကွယ်တားဆီးကြရန် လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ ယနေ့ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များသည် နိုင်ငံ၏ဘဝအတွက် မီးရှူးတန်ဆောင်များဖြစ်၍ ပညာဖြင့် ဘဝရှင်သန်တိုးတက်အောင်၊ ပညာဖြင့် နိုင်ငံတိုးတက် ဖွံ့ဖြိုးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ကြဉ်းပေးကြရမည် ဖြစ်ပါကြောင်း။ ။