မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားရသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(ဂျီဒီပီ)တွင် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်သည် ထက်ဝက်မျှ ပါဝင်ပါသည်။ လုပ်သားဦးရေ သုံးပုံနှစ်ပုံခန့်ကို အလုပ်အကိုင်များ ရရှိစေနိုင်ပြီး နိုင်ငံ၏ ပို့ကုန်ဝင်ငွေတိုးတက်ရရှိရေး၌ အဓိကအရင်းအမြစ် ကုန်ပစ္စည်းဖြစ်သည်။ နှစ်စဉ်တိုးပွား နေသော ပြည်တွင်းလူဦးရေအတွက် စားနပ်ရိက္ခာ လောက်ငဖူလုံနေပြီး ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်းစားနပ်ရိက္ခာ စုဆောင်းမှုနှင့် အရင်းအနှီး တည်ဆောက်မှုကို ဖြစ်ပေါ်စေသည်။ နိုင်ငံအတွင်းရှိ လူဦးရေ ၇၀ ရာခိုင်နှုန်း၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးဖြစ်သည်။ လယ်ယာမြေများ တိုးချဲ့ လာနိုင်ခြင်း၊ လုပ်သားနှင့်အရင်းအနှီး များပြားလာလျှင် ကုန်ထုတ်လုပ်မှုလည်း တိုးတက် လာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာလျှင် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက် လာမည်ဖြစ်သည်။ လက်ရှိအခြေအနေအချိန်အခါတွင် နိုင်ငံ၏လူမှုရေး၊ စီးပွားရေး မတည်ငြိမ်မှု များရှိနေ၍ စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်မှုရှိမည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်သူပြည်သားများအတွက် အဓိက စားသုံးကုန်ဖြစ်သည့် ဆန်စပါးသီးနှံ အထွက်နှုန်းမှာ လောက်ငဖူလုံနေသဖြင့် ဆန်ကိုအဓိက ထားသော လက်လုပ်လက်စား အခြေခံပြည်သူများ အဆင်ပြေစွာစားသုံးနိုင်သည့် အခြေအနေ ရှိသည်။ မြန်မာနိုင်ငံရှိ အခြေခံ ပြည်သူများအတွက် ဆန်လုံလောက်မှုရှိ၍ စိုးရိမ်ပူပန်ဖွယ်မရှိ၊ စိတ်အေးလက်အေး ဝယ်ယူစားသုံးနိုင်သည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိစေရေးနှင့် ဆန်လိုအပ်သည့် ဒေသများတွင် ဆန်သိုလှောင်ရောင်းချ နိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် အခြေခံ စားသုံးကုန်ဆန်ကို ဦးစားပေးဆောင်ရွက်နေသည့် အနေအထားရှိပြီး ဆန်လိုအပ်သည့် ဒေသများတွင် ဆန်ကိုသယ်ယူပို့ဆောင်သိုလှောင် ရောင်းချနိုင်အောင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ဆန်ကုန်သည်များ၊ လုပ်ငန်းရှင်များပူးပေါင်း၍ စားသုံးသူပြည်သူများ အဆင်ပြေစေရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းတွင် ဆန်ဈေးနှုန်းတည်ငြိမ်ရေးသည် အရေးကြီးသောအချက် ဖြစ်သည်။ ဆန်ဈေးနှုန်းတည်ငြိမ်ပါမှ အခြေခံပြည်သူများ အဆင်ပြေမည်ဖြစ်သည်။ အဓိကကျသည့် ဆန်စပါးကုန်စည်ဒိုင်များမှာ မြို့ကြီးများတွင်ရှိပြီး ကုန်စည်ဒိုင်ကြီး များနှင့် လက်လီဒိုင်များတွင် ဆန်အမျိုးမျိုးကို လွယ်လွယ်ကူကူ ပုံမှန်အတိုင်းနီးပါး ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သို့မှသာ စားသုံးသူပြည်သူများအတွက် ပုံမှန်ဈေးနှုန်းကို ထိန်းထားနိုင်ခြင်းဖြင့် မပူမပင် ဝယ်ယူစားသုံးနိုင်မည်ဖြစ်သည်။ ယနေ့ကာလတွင် အချို့ဆန်အမျိုးအစားများမှာ ဈေးနှုန်းတက်သည့်သဘောရှိပြီး ဈေးနှုန်းတက်ရခြင်းအကြောင်းမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်မှု၊ ခက်ခဲမှု၊ ဘဏ်များတွင် ငွေလွှဲလုပ်ငန်းများ အဆင်မပြေမှုတို့ကြောင့် နယ်မြေဒေသအချို့တွင် ဈေးနှုန်းတက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ငွေကြေးစီးဆင်းမှု လည်ပတ်ကောင်းမွန်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု လတ်တလောကျဆင်းနေပြီး ပုံမှန်ဆန်တင်ပို့နိုင်မှုမှာ ၄၀ ရာခိုင်နှုန်းခန့်သာရှိသည်။ ပြည်ပသို့ ဆန်တင်ပို့သည့်လုပ်ငန်းသည် အချိန်ကာလ ကြိုတင်ပြင်ဆင်၍ စာချုပ်ချုပ် လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ရာ ယခုကာလ စာချုပ် ချုပ်ဆိုလုပ်ကိုင်နိုင်လျှင် ပွင့်လင်းရာသီတွင် ဆန်များပုံမှန်ပြန်လည်တင်ပို့နိုင်မည် ဖြစ်သည်။ ယခုအခါ ဆန်ပုံမှန်တင်ပို့မှု လျော့နည်း နေသော်လည်း နွေစပါးပေါ်ချိန်တွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း ဆန်စားသုံးမှုမှာ ဆန်အထွက်၏ ၈၀ ရာခိုင်နှုန်းရှိပြီး ပြည်ပ ဆန်တင်ပို့မှုမှာ ၂၀ ရာခိုင်နှုန်းသာရှိသည်။ ယခင်နှစ်က နွေစပါးစိုက်ဧက နှစ်သန်းခန့်ရှိပြီး မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိနေသောကြောင့် မိုးစပါးကို အဓိက အားထားရမည်ဖြစ်ရာ ယခုမိုးရာသီတွင် စပါးအထွက်တိုးအောင် စိုက်ပျိုးလုပ်ကိုင် ကြရမည်ဖြစ်သည်။ လက်ရှိတွင် ငွေကြေးလည်ပတ်မှုအရ ဆန်ကုန်သည်များအနေဖြင့် ငွေကြေးကိုင်တွယ်ရင်းနှီးမှုလိုအပ်ပြီး ငွေကြေးအခက်အခဲကြောင့် စပါးဝယ်ယူနိုင် ခြင်းမရှိလျှင် ဆန်ဈေးနှုန်းကျဆင်းပြီး အခက်အခဲများ ရှိလာနိုင်သည်။ သို့ဖြစ်ရာ ယခုကာလတွင် မိုးရာသီသို့ကျရောက်ပြီဖြစ်၍ မိုးစပါးအထွက် တိုးစေရန်အတွက် စိုက်ပျိုးရေးသွင်းအားစုများ အခက်အခဲမရှိရေး၊ စိုက်ပျိုးစရိတ်များ ထုတ်ချေးရေး၊ ဆန်စပါး စားနပ်ရိက္ခာဖူလုံပိုလျှံရေး၊ ဆန်ဈေးကွက်တည်ငြိမ်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
နောက်ဆုံးရသတင်းများ
28 Apr, 2025

28 Apr, 2025