ကမ္ဘာ့အဆင့်တွင် မြန်မာဗိုလ်စွဲသောအရာဟူ၍ ရှားရှားပါးပါး တစ်ခုသာရှိသည်။ ယင်းမှာ ကမ္ဘာ့ကွမ်းအစားဆုံးနိုင်ငံ ခြောက်နိုင်ငံ အနက် မြန်မာက ဗိုလ်တကာ့ဗိုလ်အဖြစ် နံပါတ်(၁) နေရာ၌ ရှိနေခြင်းပင်ဖြစ်သည်။ တန်းစီဇယားအရဆိုလျှင် မြန်မာက ၅၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် ပထမ၊ အိန္ဒိယက ၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ နီပေါက ၃၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် တတိယ၊ ဘင်္ဂလားဒေ့ရှ်က ၂၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် စတုတ္ထ၊ သီရိလင်္ကာက၂၄ ဒသမ၉ ရာခိုင်နှုန်း ဖြင့် ပဉ္စမ၊ ထိုင်းက ၁ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမဖြစ်သည်ဟု လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ ကွမ်းစားသူရာခိုင်နှုန်းမှာ လျော့မသွားဘဲ ဆက်လက်တိုးမြင့်လျက် ရှိကြောင်း သတင်းများတွင် တွေ့ရသည်။ ။
ကွမ်းစားသည့် အလေ့အထသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာကတည်းကပင် ရှိခဲ့ခြင်းဖြစ်သည်။ ကွမ်းယာတစ်ယာတွင် သာမန်အားဖြင့် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနှင့် ဆေးရွက်ကြီးတို့ ပါဝင်ပြီးကွမ်းစားခြင်းနှင့် ဆေးငုံခြင်းအလေ့အထတို့ကို စွဲစွဲလမ်းလမ်း ဖြစ်ကြခြင်းမှာ ဆေးရွက်ကြီးတွင် ပါဝင်သည့်နစ်ကိုတင်းဓာတ်ကြောင့် ဖြစ်သည်။ ကွမ်းယာတွင် ထည့်စားကြသည့် ဆေးရွက်ကြီးကို ဆေးပေါင်း၊ နှပ်ဆေး စသည်ဖြင့် အမျိုးမျိုးပြုပြင်ပြီး ဓာတ်တိုးအောင် ဖန်တီးရောင်းချသည့်အတွက် ပိုမို၍ စွဲလမ်းစွာ စားသုံးနေကြခြင်းလည်း ဖြစ်ကြသည်။ ကွမ်းစားသူအများအပြားက ကွမ်းစားသုံးခြင်း ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခံတွင်းကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အသံအိုးကင်ဆာ အပါအဝင် ကင်ဆာ ရောဂါအများအပြား ဖြစ်နိုင်ခြေရှိကြောင်း ပညာပေးမှုများကို မယုံ ကြည်ကြ။ တချို့က ကွမ်းစားသူတိုင်းဖြစ်ခြင်းမဟုတ်ဘဲ ကံဆိုးသူ တချို့သာဖြစ်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်ဟုလည်း စစ်တမ်းများက ဆိုသည်။ ကွမ်းယာတွင်ပါသည့် ဆေးပေါင်း သို့မဟုတ် နှပ်ဆေးတွင် နစ်ကိုတင်းဓာတ်ပါဝင်ရာ ကွမ်းယာကို ဝါးနေချိန်တွင် ဓာတုဒြပ်ပေါင်းများက တံတွေးနှင့် ရောနေပြီး ပါးစောင်၊ အောက်နှုတ်ခမ်း၊ သွားဖုံးကြား အစရှိသော ပါးစပ်ထဲရှိ နေရာများမှ တစ်သျှူးများက စုပ်ယူသွားခြင်းဖြင့် ရေရှည်တွင် ဖော်မယ်ဒီဟိုက်၊ အာဆင်းနစ်၊ ရေဒီယိုသတ္တိကြွ ပိုလိုနီယံ ၂၁၀ စသော ဓာတုဒြပ်ပေါင်းများက ကင်ဆာဖြစ်နိုင်ခြေကို မြှင့်ပေးခြင်း ဖြစ်သည်ဟုဆိုသည်။
၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုဥပဒေအရ ပြဋ္ဌာန်းချက်များမှာ အငွေ့ထွက်သော ဆေးရွက်ကြီးသုံးစွဲမှုကို ဦးတည်ထားသည့် အချက်များက အဓိကဖြစ်နေသည်။ ဥပမာအားဖြင့် ကျောင်းပရိဝုဏ်နှင့် ကျောင်း ပရိဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်း၊ အသက် ၁၈ နှစ်မပြည့်သောသူအား ဆေးလိပ်ကို ရောင်းချခြင်း သို့မဟုတ် ပေးကမ်းခြင်းစသည့် ပြဋ္ဌာန်းချက်များအပါအဝင်ဥပဒေပုဒ်မများတွင် အငွေ့မထွက်သော ဆေးရွက်ကြီး သုံးစွဲမှုပုံစံများဖြစ်သည့် ကွမ်းယာ စားခြင်းနှင့် ဆေးငုံခြင်းတို့အတွက် တားဆီးထိန်းချုပ်မှုကို တိုက်ရိုက် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း တွေ့ရသည်။ စင်စစ်အားဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် အနီးဝန်းကျင်ရှိ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက် ရသူများကျန်းမာရေးထိခိုက်နိုင်သည့်အချက်မှလွဲလျှင် ကွမ်းစားခြင်း၊ ဆေးငုံခြင်းကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေးပြဿနာသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေးပြဿနာ ထက်မလျော့ပါချေ။ ဆေးလိပ်ငွေ့ကြောင့် ဘေးလူရောဂါရသကဲ့သို့ပင် ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကွမ်းတံတွေးမှ တစ်ဆင့် ကူးစက်ရောဂါများ ပြန့်ပွားနိုင်ဖွယ်ရှိမှု စသည်တို့လည်း ရှိနေသည်။
ဆေးလိပ်သောက်ခြင်းကို ကမ္ဘာအနှံ့တွင် တိုက်ဖျက်လျက်ရှိရာ မြန်မာနိုင်ငံတွင်မူ ဆေးလိပ်သောက်ခြင်းကိုရော ကွမ်းစား၊ ဆေးငုံ ခြင်းကိုပါ တိုက်ဖျက်ရန် လိုအပ်သည်ဟု ယူဆမိသည်။ ယင်းအလေ့ အထနှစ်ခုစလုံးသည် နစ်ကိုတင်း စွဲလမ်းမှုဖြစ်ပေါ်သည့် ပုံစံနှစ်မျိုး ဖြစ်၍ အတူတူပင်ဖြစ်သည်။ ကျန်းမာရေးပြဿနာမှာလည်း နှစ်မျိုး လုံး အတူတူပင်ဖြစ်ရာ ဆေးလိပ်ဖြစ်စေ၊ ကွမ်းယာဖြစ်စေ၊ နှစ်မျိုး စလုံးကိုဖြစ်စေ စားနေသုံးနေကြသူများ မိမိကိုယ်ကိုယ် ငဲ့ညှာရေး၊ ကင်ဆာ၊ နှလုံးကဲ့သို့သော ရောဂါကြီးများ မိမိကိုယ်မှာ စွဲကပ်မလာ ရေးအတွက် အချိန်မနှောင်း၊ နောင်တမရခင်ကြိုတင်ဦးစွာ နှောင်ကြိုး ဖြတ်နိုင်ကြပါစေကြောင်း။ ။