နေပြည်တော် ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်တွင်း နေရပ်စွန့်ခွာသူများ၏စခန်းများကို ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပိတ်သိမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ စုံနံ့သာမြိုင်ဆွေမြို့တော်၊ မြိုင်ကြီးငူ အထူးဒေသသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့က ကွင်းဆင်း ကြည့်ရှု ညှိနှိုင်းခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသရှိ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တအရှင်ဉာဏ္ဏိတထံသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများအား ပြန်လည်နေရာချထားပေးရေးနှင့် ယာယီခိုလှုံရာစခန်းများကို စနစ်တကျပိတ်သိမ်းရေး လုပ်ငန်းများကို အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ပေးမည့်ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထား ကာ ဆရာတော်၏အကြံပြုမှုများ ရယူခဲ့ကြသည်။
ထို့နောက် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် မြိုင်ကြီးငူ အထူးဒေသတွင် ရောက်ရှိနေကြသော ပြည်တွင်းနေရပ်စွန့်ခွာကြသည့် တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူ(၅,၂၈၁) ဦးအတွက် တစ်လစာဆန်ရိက္ခာဖိုး ငွေကျပ်(၄၇,၅၂၉,၀၀၀) ကို ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ပွဲရှောင်ကျေးရွာ (၂၄)ရွာ၏ ရွာလူကြီး များနှင့် တွေ့ဆုံ၍ အကြောင်းအမျိုးမျိုးကြောင့် ယာယီခိုလှုံရာစခန်းများသို့ လာရောက် နေထိုင်ကြသော မိမိတို့၏ တိုင်းရင်းသား ပြည်သူများနှင့် မျိုးဆက်သစ်ကလေး သူငယ်များ အတွက် ပိုမိုကောင်းမွန်သော အခြေအနေများကို ဖန်တီး ပေးနိုင်ရန် အစိုးရကဦးဆောင်ပြီး အားလုံးပူးပေါင်းမှုဖြင့် ဆောင်ရွက်မည့်အစီအစဉ်များကို လာရောက် ရှင်းလင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော ယာယီခိုလှုံရာစခန်းများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန်ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဘေးကင်းလုံခြုံမှုရှိရေး၊ ဂုဏ်သိက္ခာရှိရေးနှင့် မှီခိုမှုကင်းသော ဘဝများပြန်လည်ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်၍ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ပြန်လည် နေရာချထားရေး နေရာရွေး ချယ်ရာတွင် မိမိတို့မူလနေထိုင်ရာဒေသ (သို့မဟုတ်) မူလ နေထိုင်ရာဒေသနှင့် အနီးစပ်ဆုံးနေရာ (သို့မဟုတ်) အားလုံးသဘော တူရွေးချယ်မှုများဖြင့် သင့်လျော်သည်ဟု သတ်မှတ်သောနေရာများဖြစ်ကြောင်း၊ အဆိုပါ ကိစ္စများအတွက် တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများ၏ သဘောထားအမြင်များကို သိရှိ လို၍ လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး သည် ဆက်စပ်ပါကြောင်း၊ ကရင်ပြည်နယ် သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စံနမူနာပြ ဖြစ်ပါကြောင်း၊ယခုကဲ့သို့ ငြိမ်းချမ်းသည့် အခြေ အနေကို ဆက်လက် တည်မြဲအောင် ထိန်းသိမ်းပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ယခု လာရောက် ဆွေးနွေးခြင်းသည် ပြည်ထောင်စုသားချင်းများအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အားလုံး သာတူညီမျှ ခံစားရ ရှိရေးအတွက် ဆောင်ရွက်ခြင်း၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စု နိုင်ငံ ဖြစ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် မိမိတို့၏ အကျိုးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထွေး က တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများအတွက် ယခုထက်သာလွန်ကောင်းမွန်သောနေရာများ၊ အခြေအ နေများ ဖန်တီး ဆောင်ရွက် ပေးရန် လာရောက်ဆွေးနွေးခြင်းဖြစ်ရာ မိမိတို့၏ အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် စဉ်းစားပေး၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူ၊ အေးလင်းသာယာကွင်း တိုက်ပွဲရှောင် စခန်းသို့ သွားရောက်ပြီး တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ယခုယာယီခိုလှုံရာစခန်း၌ ကလေး သူငယ်များ အများအပြား တွေ့ရှိရပါကြောင်း၊ မိမိတို့၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်များ၏ အနာဂတ်သည် အရေးကြီးပါကြောင်း၊၎င်းတို့၏ ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရန်နှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရေး ဆောင်ရွက် ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ် များအား ငွေကြေး ထောက်ပံ့ခြင်းနှင့် ပညာပေးအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ကရင် ပြည်နယ် လည်း ဦးစားပေးအဆင့် အကျိုးခံစားခွင့်ရရှိလျက်ရှိပါကြောင်း၊ ထို့အပြင် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းသူများကိုလည်း ထောက်ပံ့ပေး လျက်ရှိ ကြောင်း၊ မိမိတို့၏ ရပ်တည်မှုအတွက် အလုပ်လုပ်ကြရသည်ဖြစ်ရာ အသိပညာ အတတ် ပညာများနှင့် အသက်မွေးဝမ်းကျောင်းပညာများ ရရှိရန် လည်း လိုပါကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ယခု ယာယီခိုလှုံရာ စခန်းများတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအတွက် အတည်တကျနေရာ၊ အလုပ်အကိုင်အခွင့်အလမ်းများဖြင့် အခြေကျ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရက စီမံချက်ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ရာ ပူးပေါင်းပါဝင်ပေးရန်နှင့် လိုအပ်ချက်များကို ဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ လာရောက် ဆောင်ရွက်ပေးမည့် အစီအစဉ် များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပါက တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများအတွက် မြေနေရာ၊ နေအိမ်အဆောက်အဦ၊ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ မည်သို့ ဆောင်ရွက်ပေးမည်ကို မေးမြန်းရာ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က မဟာဗျူဟာနှင့်အညီ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာ ရှိပြီး မှီခိုမှုကင်းသောဘဝများ ပြန်လည်တည်ဆောင်နိုင်ရေးအတွက် အစိုးရ၊ ပြည်သူနှင့် ပြည်တွင်း ပြည်ပ အလှူရှင်များ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ စနစ်တကျဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက် ပေးနိုင်ရန် အားလုံး၏သဘောတူညီချက်များ ရရှိရန် လိုအပ်ပြီး ပူးပေါင်းပါဝင်မှု လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စခန်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၆၁)ဦးအတွက် ကျောင်းဝတ်စုံများထောက်ပံ့ခြင်း၊ စခန်းရှိပြည်သူများအတွက် အဝတ်အ ထည်များထောက်ပံ့ခြင်း၊ မိုင်းထိ လူနာ တစ်ဦးအတွက် ငွေကျပ်(၂)သိန်း ထောက်ပံ့ခြင်းနှင့် ကလေးသူငယ်များအတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်နေရာချထားရန် လျာထားသည့် ကျောက်စာကွင်း အရှေ့မြေနေရာနှင့် ယက္ကန်းပညာသင်ကြားပေးနိုင်ရေး ဆောင်ရွက် ပေးမည့်ယက္ကန်းရုံနေရာများကို သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်းယာယီခိုလှုံရာစခန်းများရှိ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီဆောင်ရွက်နိုင်ရန် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အဦ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး ဘားအံမြို့၊ ဓမ္မဝိဇယရံသီ ပါရိုကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော ရပ်ရွာအခြေပြု မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းသို့ ရောက်ရှိကြ ပြီး သင်တန်းသားများအား တွေ့ဆုံ၍ မူးယစ်သံသရာ ပြန်မလည်စေရေးနှင့် မိမိတို့၏ အနာဂတ် မျိုးဆက်သစ်များအား ကောင်းမွန်သော လက်ဆင့် ကမ်းအမွေများ ပေးနိုင်ရေး အတွက် ကိုယ်တိုင်ကကြိုးစားကြစေလိုကြောင်း အားပေးစကား ပြောကြားသည်။ အဆိုပါ သင်တန်းတွင်သင်တန်းသား(၃၁)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)