Skip to main content

မန္တလေးမြို့ရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ လေးရုံနှင့်ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

မန္တလေး မေ ၁၈

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော မန္တလေးမြို့ရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံ လေးရုံနှင့် ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့်စာချုပ် (Deed of Assignment) ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ညနေ ၅နာရီခွဲက မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပြောကြား

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက အမှာစကားပြောကြားရာ၌ မန္တလေးတိုင်းဒေသကြီးတွင် ခေတ်မီအဆင့်မြင့် Digital ရုပ်ရှင်ရုံများအဖြစ် နိုင်ငံပိုင်ရုပ်ရှင်ရုံလေးရုံအပါအဝင် ရုပ်ရှင်ရုံ ၃၂ ရုံဖြင့် ပြည်သူများအား ရုပ်ရှင်ပြသပေးလျက်ရှိပါကြောင်း ရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူ ညှိနှိုင်းပေါင်းစပ်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက် နိုင်ရေး ရုပ်ရှင်ရုံများတည်ထောင်ဖွင့်လှစ်ကြမည့် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များကိုလည်း ကြိုဆိုကူညီ ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဝင်းလိုက်၊ မြို့မ၊ မြို့ဂုဏ်ရောင်နှင့် နေပြည်တော် ရုပ်ရှင်ရုံ လေးရုံတို့နှင့်ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ်ချုပ်ဆိုရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံပိုင်ရုပ်ရှင်ရုံလေးရုံနှင့် ပတ်သက်၍ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြရာ လွှဲပြောင်းပေးအပ်ခြင်းစာချုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်ကလည်းကောင်း၊ လွှဲပြောင်းလက်ခံခြင်းစာချုပ်ကို မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၅) ဦးယဉ်ထွေးကလည်းကောင်း လက်မှတ်ရေးထိုးကြသည်။

(တိုင်းဒေသကြီး ပြန်/ဆက်)