နေပြည်တော် ဖေဖော်ဝါရီ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသ ကြီးရှိ ပဲခူးမြစ်ကူးတံတား အမှတ်(၃)တည်ဆာက်ရေး စီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့သို့ကြည့်ရှုစစ်ဆေးစဉ် တံတားရှင်းလင်းဆောင်၌ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ပဲခူးမြစ်ကူးတံတားသည် အရှည် (၂၀၁၃) မီတာရှိပြီး (၄)လမ်းသွား Cable Steel Bridge ဖြစ်၍ တံတားစီမံကိန်းကို JICA ODA Loan ဂျပန်ယန်း ၃၁၀၅၁ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက် မည့်ကာလမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် JICA ODA Loan ဂျပန်ယန်း ၄၆၁၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော သန်လျင် - သီလဝါ စက်မှုဇုန်လမ်း၏ သန်လျင် တံတားမှစ၍ သီလဝါစက်မှုဇုန်အထိ (၄)လမ်းသွား ကတ္တရာကွန်ကရစ် လမ်းခင်းထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် လမ်းဉီးစီးဌာန အစည်းအဝေး ခန်းမ၌ သန်လျင် - သီလဝါ စက်မှုဇုန်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း၏ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်၍ အချောသတ်လုပ်ငန်းများနှင့် လျှပ်စစ်သွယ်တန်းမှု လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားကာ လမ်းဖွင့်ပွဲကျင်းပမည့်ရက်ကို ညှိနှိုင်းသတ်မှတ်ပေး ခဲ့သည်။
သန်လျင် - သီလဝါ စက်မှုဇုန်လမ်းသည် အရှည် ၈ ဒသမ ၇ ကီလိုမီတာရှိ (၄)လမ်း သွား ကတ္တရာ ကွန်ကရစ်လမ်း ဖြစ်ပြီး လမ်းဘေးလူသွားလမ်း (၄)မီတာအကျယ်ကို ရေ မြောင်း ၊ လျှပ်စစ်မီးကြိုးလိုင်းနှင့် ဆက်သွယ်ရေးလိုင်းများ ထည့်သွင်း၍ အဆင့်မြှင့်တင် တည်ဆောက်ထားခြင်းဖြစ်ပြီး လမ်းသစ်ဖွင့်ပွဲကို မကြာမီအချိန်အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
(သတင်းစဉ်)