Skip to main content

အကြမ်းဖက်လုပ်ရပ် ပြည်သူလက်မခံ

နေ့တစ်နေ့စတင်မိုးလင်းပြီဆိုသည်နှင့် မည်သည့်အချိန်၊ မည်သည့် နေရာတွင် ပေါက်ကွဲမှုဖြစ်မည်လဲ ဟူသော စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြပြီဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ထုတ်ဖော်ပြောကြား လာကြပြီဖြစ်သည်။ မိမိတို့နေထိုင်ရာအနီး၊ သို့မဟုတ် ခပ်လှမ်းလှမ်းနေရာတို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ရန်ကုန်သူ၊ ရန်ကုန်သား မြောက်မြားစွာတို့မှာ ပေါက်ကွဲသံကို ကြားဖူးသူများ၊ ပေါက်ကွဲမှုကြောင့် တုန်ခါကွဲရှသူများနှင့် ကြုံဖူးသူများ၊ မြင်တွေ့ ဖူးသူများဖြစ်လာကြသည်။ စိုးရိမ်မှု၊ မလုံခြုံသည့်ခံစားမှု၊ အကြောက်တရားတို့ ဖုံးလွှမ်းလာမှုမှာ အကြမ်းဖက်မှုများ၏ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

အကြမ်းဖက်မှုလုပ်ရပ်များက အစွန်းရောက်စိတ်ဓာတ်ကို အခြေခံသည်။ အကြမ်းဖက်အဖွဲ့အစည်း များနှင့် အုပ်စုများက ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်၊ ဘာသာရေးရည်မှန်းချက် စသည့်ရည်မှန်းချက် တစ်ခုခုကိုရရှိအောင် အကောင်အထည်ဖော် ရာတွင် အကြမ်းဖက်ခြင်းကို လက်နက်တစ်ခုအဖြစ် အသုံးချကာ အစိုးရ၏မူဝါဒများ အပြောင်းအလဲဖြစ်လာစေခြင်းဖြစ်သည်။ ၎င်းရည်မှန်းချက်အတွက် အကြမ်းဖက်သမားတို့ ရွေးချယ်သည့် ပစ်မှတ်မှာ လွန်စွာလွယ်ကူသည့်၊ အားနည်းသောပစ်မှတ်များ လည်းဖြစ်သည့် အရပ်ဘက်ပစ်မှတ်များပင်ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အများပြည်သူနေထိုင်ရာ ရပ်ရွာအတွင်း သေဆုံးထိခိုက်ဒဏ်ရာရမှုများ၊ အကြောက်တရားနှင့် အမုန်းတရားများ၊ စိတ်ဒဏ်ရာများ ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်တို့ကို လူအများစုက လက်ခံလေ့မရှိကြ။ ပြည်သူလူထု၏ လုံခြုံရေးကို အချိန်ပြည့် ခြိမ်းခြောက်နေခြင်းကြောင့် စိုးရိမ်ထိတ်လန့်မှုအောက်တွင် နေထိုင်ကြရသည့် အခြေအနေကိုလည်း မကြိုက်ကြ။ သို့ဖြစ်ရာ ၎င်းတို့လုပ်ရပ် မှန်ကန်ကြောင်း၊ မည်သည့် အကြောင်းရင်းကြောင့် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်ကြောင်းတို့ကို အကြောက်တရားဖုံးလွှမ်း နေသည့် လူထုအတွင်း လိမ်ညာ၍ ဝါဒဖြန့်ချိမှုတို့ကို ပြုလုပ်ကြရသည်။ ဤနည်းဖြင့် လူအချို့၏ စာနာထောက်ထားမှု၊ လူအချို့၏ ပူးပေါင်းကူညီမှုတို့ကို ရရှိသလို လူအများအပြားကလည်း အကြမ်း ဖက်မှုများ မိမိမျက်စိရှေ့မှောက် ဖြစ်ပွားရာတွင်ပင် မျက်ကွယ်ပြုလိုက်ကြသည်။ အဓိကအကြောင်းရင်းခံမှာ အကြောက်တရားကြောင့်ပင်ဖြစ်သည်။ အကြမ်းဖက်သမားသည် လူထုအတွင်းမှာပင် ပြုလုပ်ကာ လူထုအတွင်းမှာပင် ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားခြင်းကြောင့် အစိုးရအဖွဲ့အစည်း၊ တရားဥပဒေတို့ထက် အကြမ်းဖက်သမားကို ပိုမိုကြောက်ရွံ့ကြခြင်းလည်း ဖြစ်သည်။

လတ်တလောအခြေအနေတွင် ရပ်/ကျေး စီမံအုပ်ချုပ်ရေးရုံးများကို မီးရှို့တိုက်ခိုက်ခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို အကြမ်းဖက်အဖွဲ့များက နည်းဗျူဟာ တစ်ခုအဖြစ် ကျင့်သုံးနေကြရာ ၎င်းတို့၏ ရည်မှန်းချက်မှာ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားတွင် အခြေခံအကျဆုံးအုတ်မြစ်ကို ဖြိုဖျက်နေကြခြင်းပင်ဖြစ်သည်။ ရပ်/ကျေးအုပ်ချုပ်ရေးဟူသည် ရပ်ကွက်နှင့် ကျေးရွာအတွင်း အားလုံးကိုအခြေခံကျကျ သိရှိကြသည်။ ယင်းသို့သိရှိခြင်းကြောင့် အကြမ်းဖက် လှုပ်ရှားရန်အခွင့် မသာနိုင်။ ရပ်ကွက်ကျေးရွာများအတွင်း လူစိမ်းများ ခိုးသွင်းရန်၊ လက်နက်များခိုးသွင်းရန်လည်း ခက်ခဲနိုင်သည်။ သို့ဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အမျိုးမျိုးသော စွပ်စွဲချက်များဖြင့် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ကြခြင်းဖြစ်သည်။

စင်စစ်အားဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးသည် ရပ်ကွက်နေ ပြည်သူများ၏ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် ပြည်သူနှင့် ထိတွေ့ဆက်ဆံနေ ရသော ပြည်သူ့ဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရခြင်းသည်လည်း ရပ်/ကျေး အုပ်ချုပ်ရေး၏ တာဝန်တစ်ရပ်ပင် ဖြစ်ပြီး အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ၏ အကျိုးအတွက် ပင်ဖြစ်သည်။ သို့ရာတွင် ဆူပူအုံကြွလိုသူများ၊ အကြမ်းဖက် သမားများ၊ မင်းမဲ့စရိုက်သမားများ၊ ဒုစရိုက်ဂိုဏ်းများကမူ ကြိုက်မည် မဟုတ်။ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ မမှန်မကန်ပြုလုပ်ပါကလည်း အထက်အဖွဲ့ အစည်း အဆင့်ဆင့်သို့ အထောက်အထားခိုင်ခိုင်လုံလုံဖြင့် အလွယ်တကူ တိုင်ကြားနိုင်သည်သာ။ မိမိတို့ရပ်ရွာများအတွင်း အကြမ်းဖက် အဖျက်သမားတို့ စိမ့်ဝင်ထိုးဖောက်မလာရေး၊ အကြမ်းဖက် အဖျက်အမှောင့်တို့ မပြုလုပ်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် အများပြည်သူ ဝိုင်းဝန်းကူ၍ ကာကွယ်တားဆီးနိုင် ကြပါစေကြောင်း။ ။