မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေမှာ ဓာတ်ခွဲစစ်ဆေးနိုင်သမျှတွင် တွေ့ရှိရသည့် အရေအတွက်မျှကိုသာ သိခွင့်ရနေကြသည်။ များများစစ်ဆေးနိုင်မှ၊ မြန်မြန် စစ်ဆေးနိုင်မှသာ ပို၍သိနိုင်မည်ဖြစ်သော်လည်း ယင်းသို့ စစ်ဆေးနိုင်သည့်အခြေအနေတွင်မရှိ။ သို့ရာတွင် အများပြည်သူတို့အကြားတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် သဘောထား တို့ကလေးနက်မှုတို့ လျော့ပါးနေကြပြီဖြစ်သည်။ ရုံးတက်ရုံးဆင်းတို့ ပုံမှန်အခြေအနေအတိုင်း ရောက်ရှိနေခြင်း၊ စားသောက်ဆိုင်များတွင်လည်း ဆိုင်ထိုင်စားသောက်ခွင့်တို့ရရှိနေခြင်း၊ ကျောင်း များပြန်လည်ဖွင့်လှစ်ခြင်း စသည်တို့နှင့်အတူ ကိုဗစ်-၁၉ ရောဂါသည်ပင် မရှိတော့သယောင် ခံစားလာမိကြသည့်သဘောပင် ဖြစ်သည်။
သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံတကာတွင်မူ အရှိန်အဟုန်မြင့်တက်နေသည်ကို သတင်းများတွင် တွေ့နိုင်သည်။ မိမိတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဗီဇပြောင်း ပိုမိုပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲသစ်များဖြင့် ယခင်ကထက် အရှိန်မြင့်တက်လျက်ရှိသည်။ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယတွင် နေ့စဉ်ကူးစက်နေမှုမှာ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်သည်ပင် သိန်းနှင့်ချီကာ ကြောက်ဖွယ်လိလိဖြစ်သည်။ ဆေးရုံခုတင် မလုံလောက်မှု၊ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်ပင် မနိုင်နင်းတော့သည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်မှာ ထိတ်လန့်ဖွယ်ရာပင်ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း ကိုဗစ်-၁၉ မျိုးဗီဇသစ်၏ တိုက်ခိုက်မှုများကို စိုးရိမ်တကြီး ကာကွယ်နေကြရသည့်အခြေအနေတို့ကို နေ့စဉ် သတင်းများစွာတို့၌ တွေ့မြင်နေကြရသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများက မိမိတို့နိုင်ငံသည်လည်း သတိကြီးစွာ ထားရတော့မည့် အခြေအနေဖြစ်သည်ကို တပ်လှန့် နှိုးဆော်နေသကဲ့သို့ပင်ဖြစ်သည်။
မကြာမီရက်ပိုင်းအတွင်း အခြေခံပညာကျောင်းများအတွက် ကျောင်းအပ်နှံသည့် ရက်သတ္တပတ်ရောက်ရှိတော့မည်ဖြစ်ရာ လူစုလူဝေးများဖြစ်ပေါ်မည့် အခြေအနေများနှင့်အတူ ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရေးကိုလည်း ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်၊ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ အကြံပြုချက်များကို အမှန်တကယ်လိုက်နာကျင့်သုံးကြရန် လိုအပ်လာပြီဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကူးစက်မှုဟူသည် မျက်စိအောက်တွင် တွေ့မြင်နိုင်သည့် အရာမဟုတ်ခြင်းကြောင့် ပေါ့ပေါ့ဆဆနှင့် အရဲမကိုးကြရန်လည်း တိုက်တွန်းလိုသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများသည်ပင်လျှင် ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ဆက်လက်ကျင့်သုံးသွားကြရန် ကျန်းမာရေးပညာရှင်များက လမ်းညွှန်ထားသည်ကိုလည်း သတိမူကြရမည် ဖြစ်သည်။
လူတိုင်းအပြင်ထွက်သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ လူထူသည့်နေရာ၊ လူစုလူဝေးနေရာ များကို ရှောင်ကြဉ်ရေး၊ မဖြစ်မနေလူစုလူဝေးနေရာသို့ သွားရ ပါကလည်း Mask အပြင် မျက်နှာကာ(Face shield) ကိုပါ တပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ (၆-ပေအကွာ) မှ ပြောဆိုဆက်ဆံရေး၊ လက်ကိုမကြာမကြာ ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အာဟာရ ပြည့်ဝစွာစားသုံးရေး၊ လုံလောက်စွာအိပ်စက်အနားယူရေး စသည့်အခြေခံအချက်လေးများကို လိုက်နာကျင့်သုံးခြင်းသည် မိမိတို့၏ အသက်နှင့်ခန္ဓာ ကျန်းမာရေးအတွက် ကောင်းစွာ စောင့်ရှောက်ခြင်းပင် ဖြစ်ပါကြောင်း။ ။