၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ် စတင်လိုက်ပြီဖြစ်သည်။ ကျောင်းအပ်လက်ခံရေးကို မေလ ၂၄ရက်မှစတင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နှစ်ရက်အတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ စုစုပေါင်း တစ်သိန်းတစ်သောင်းကျော် လာရောက်အပ်နှံခဲ့ကြကြောင်း သိရသည်။
အမှန်တကယ်တွင် ယခုကာလရက်သတ္တပတ်အတွင်း အခြေခံပညာသင်ကြားကြမည့် ကလေးသူငယ်၊ လူငယ်လူရွယ်များအဖို့ အပြုံးပန်းဆင်၍ ပျော်ရွှင်ဝမ်းမြောက်နေသော အချိန်ကာလဖြစ်သည်။ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအားလုံး သက်ဆိုင်ရာကျောင်းများ၌ စုစုဝေးဝေးနှင့် စည်ကားနေသောကာလ ဖြစ်သည်။ ယခုအခါတွင် နိုင်ငံရေးအခြေအနေကိုအကြောင်းပြု၍မသမာသူအဖျက် သမားများ၏နှောင့်ယှက်ဖျက်ဆီးမှုများ ကြောင့် ပညာလိုလားသောကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများက စိုးရိမ်ထိတ်လန့်မှုကြားမှ မိမိတို့သားသမီးငယ်များ နောင်ရေးကိုအရှည်မြော်တွေးကာ မဖြစ်မနေကျောင်းအပ်ခဲ့ကြပေသည်။
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝန်းရှိအခြေခံပညာကျောင်းအချို့ကို မီးရှို့ခြင်း၊ ဗုံးခွဲဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ကို နေ့စဉ်မြင်တွေ့ကြရပြီး မိဘပြည်သူများ အနေဖြင့်မိမိတို့၏ကလေးငယ်များ ပညာသင်ကြားရေးကိုစိုးရိမ်နေကြမည်ဖြစ်သည်။ အစွန်းရောက်နိုင်ငံရေးသမားများနှင့် အကြမ်းဖက် အဖျက်သမားများက တည်ဆဲအစိုးရ၏အုပ်ချုပ်ရေးယန္တရား ပျက်ပြားထိခိုက်စေရန်အတွက် အပြစ်မရှိ၊ မသက်ဆိုင်သော ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားရေး၊ ကျောင်းဖွင့်နိုင်ရေးကို တစိုက်မတ်မတ် နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ယုတ်မာပက်စက်သည့် အကြံ အစည်လုပ်ရပ် ဖြစ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အစွန်းရောက်တို့က အစိုးရကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ရိုးသား ဖြူစင်သော၊ အပြစ်ကင်းစင်သော ကလေးသူငယ်၊ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများအား နင်းချေချနင်း၍ ပစ်မှတ်တစ်ခုသဖွယ် ပြုလုပ်လာခြင်းမှာ ကျောင်းသား ကျောင်းသူများ အတွက်သာမက နိုင်ငံ၏အနာဂတ်ကိုပါ ဖျက်ဆီးနေ ခြင်းဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ပညာလိုလားသော ကျောင်းသားမိဘအုပ်ထိန်း သူများက မိမိတို့ရင်သွေးငယ်များ၏ ရှေ့ရေးကိုမြော်တွေး၍ အခက်အခဲကြားမှ ကျောင်းအပ်နှံခဲ့ကြပေသည်။ ကျောင်းသား ကျောင်းသူ ကလေးသူငယ်၊ လူငယ် လူရွယ်များအနေဖြင့် ကျောင်းနှင့်ဝေးနေ၊ ပညာနှင့်ဝေးနေသည်မှာ ကြာခဲ့ပြီဖြစ်၍ ကျောင်းတက်ရေးကို လိုလားမျှော်လင့်နေကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မျိုးဆက်သစ်လူငယ်များနှင့် နိုင်ငံတော်၏အနာဂတ်အရေးကို မြော်တွေး၍ ကျောင်းနေအရွယ်တိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေသူများ ကျောင်းထွက်သူ မရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအားလုံးတွင် ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများ ရာခိုင်နှုန်းပြည့် တက်ရောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော်လည်း အစဉ်မပြတ် နှောင့်ယှက်ဖျက်ဆီးနေမှုများကြောင့် ပညာသင်ကြားရေး အပြည့်အ၀ရရှိနိုင်ရေးမှာ အခြေအနေကောင်းမရောက်သေးပေ။ လက်ရှိတွင် ကျောင်းအပ်နှံမှု နှစ်ရက်တာ ကာလအတွင်း အားရဖွယ်အခြေအနေရှိသဖြင့်သတ်မှတ်ရက်အတွင်း အလားအလာကောင်းများ ရရှိလာနိုင်မည်ဟု မျှော်လင့်ထားသည်။
မည်သို့ပင်ဖြစ်စေ ကျောင်းတက်သူ၊ ကျောင်းမတက်သူတို့၏ ရလဒ်အဖြေသည် အချိန်ကာလတစ်ခုတွင် အဆုံးအဖြတ်ပေးမည်ဖြစ်၍ မိမိတို့သားသမီးများ နစ်နာ ဆုံးရှုံးမှုမဖြစ်အောင်၊ အနာဂတ်တွင် နောက်ကျကျန်ခြင်းမဖြစ်အောင် အမှားအမှန်၊ အကောင်းအဆိုး ခွဲခြားဆင်ခြင်သုံးသပ်ကာ လုပ်ကိုင်ကြရမည်ဖြစ်သည်။ ယခုအခါ အခြေခံပညာကျောင်းများအပြင် ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ ပြန်လည်ဖွင့်လှစ်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေစဉ် လုံခြုံမှုရှိစေရန်အတွက် သက်ဆိုင်ရာ နယ်မြေမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များစုပေါင်း၍ ကျောင်းများတွင် တာဝန် ယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ကျောင်းသား ကျောင်သူကလေးသူငယ်၊ လူငယ်လူရွယ်များ ပညာသင်ကြားရေးသည် မိမိတို့အရေး၊ ကလေးသူငယ်လူငယ်များ၏အရေးဖြစ်၍ အဖျက်အန္တရာယ်မှကင်းဝေးပြီး အေးချမ်းစွာပညာသင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။