မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ဦးဆောင်၍ ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးအန္တရာယ်တား ဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများ၏ မူးယစ်ဆေးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ရုံး၌ ပြုလုပ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသည် မူးယစ်ဆေးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေး၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာတွင် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တား ဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များနှင့် ဦးစီးဌာန၏ လုပ်ငန်းကဏ္ဍများအကြောင်းကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဦးစီးဌာန၏ လုပ်ငန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး အရပ်ဖက်အဖွဲ့အစည်းများက အဖွဲ့အစည်းတစ်ခုခြင်းစီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ နှင့် ၁၁ ရက် (၂)ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်အသင်းအဖွဲ့ဆိုင်ရာမှတ်ပုံတင်ခြင်းကဏ္ဍ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ ဘုံသဘောတူညီမှုဖြင့် စံလုပ်ငန်းများသတ်မှတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ သက်မွေးသင်တန်းများအကြောင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့အဖြေရှာခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)