Skip to main content

ကိုဗစ်-၁၉ ရောဂါ ပြည်သူအားလုံး စုပေါင်းဆောင်ရွက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခုမေလကုန် ဇွန်လဆန်းမှစတင်၍ ရောဂါကူးစက်ပြန့်ပွားမှု တဖြည်းဖြည်းမြင့်တက်လာသည်ကိုမြင်တွေ့ရမည်ဖြစ် သည်။ ဇွန်လ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀၁ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ တစ်ဦးရှိခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၄၆ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ ခုနစ်ဦးရှိရာ ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်မားနေသည်ကို သတိထားရမည်ဖြစ်သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် ကူးစက်ပြန့်ပွား နှုန်းမှာ မြင့်မားလျက်ရှိရာ ရောဂါကူးစက်သူ ၁၇၈ ဒသမ ၂ သန်းကျော်ရှိပြီး ရောဂါ ကြောင့် သေဆုံးသူ ၃ ဒသမ ၉သန်းကျော်ခန့်ရှိနေပြီဟု သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း တစ်သိန်းခွဲခန့်ရှိပြီး သေဆုံးသူ လူနာ စုစုပေါင်း သုံးထောင်ကျော် ရှိနေပြီဖြစ်သည်။ ဆေးရုံဆင်းခွင့်ရသူတစ်သိန်း သုံးသောင်းကျော်ရှိပြီး လူနာတစ် သောင်းကျော် ဆေးကုသမှုခံယူနေရသည်။ ယခု အခါ ရောဂါဖြစ်ပွားမှု မြင့်တက်လာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အလျင်အမြန်ပြုလုပ်နေပြီဖြစ်သည်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီစတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်သည် နိုင်ငံသားအားလုံး စုပေါင်းဆောင်ရွက်ရမည့် အမျိုးသားရေးလုပ်ငန်းတာဝန်ဖြစ် သည့်အား လျော်စွာ နိုင်ငံရေးလိုဘမပြည့်မှု၊ သဘောထားကွဲလွဲမှုများနှင့် တစ်ဦးချင်း ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဘေးဖယ်၍ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများတွင် မျိုးရိုးဗီဇ ပြောင်း ဗိုင်းရပ်စ်ပိုးသစ်ကူးစက်မှုဖြစ်ပွားပြီး မြန်မာနိုင်ငံသို့ပါ ကူးစက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများနှင့်ဆက်စပ်၍ ကလေးမြို့တွင် တစ်ဦး၊ မြိတ်မြို့တွင် သုံးဦး၊ မန္တလေးမြို့တွင် လေးဦး၊ တမူးမြို့ တွင် နှစ်ဦးနှင့် ပြည်ပပြန် ရန်ကုန်တွင် တစ်ဦးတို့၌ မျိုးရိုးဗီဇပြောင်းပိုး တွေ့ရှိခဲ့ သည်။ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုအရ မျိုးရိုးဗီဇကွဲပိုးသုံးမျိုးတွေ့ရှိမှုကို ဇွန်လ ၁၅ ရက်နေ့က တရားဝင်ထုတ်ပြန်အသိပေးခဲ့ပြီး ပိုးသုံးမျိုးတွင် Alpha နှင့် Delta တို့သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားသည့်အပြင် ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မားကြောင်း သိရသည်။

ယခုအခါတွင် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် စတင်တွေ့ရှိသည့် နိုင်ငံသား ၁၁ ဦးကို ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးလျက်ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုနှုန်းနှင့် သေဆုံးနှုန်းမြင့်မားနေ သောကြောင့် ကျန်းမာရေး လုံခြုံမှုစည်းမပေါက်စေရန် အထူးဂရုစိုက် စောင့်ကြပ်စစ်ဆေးကာကွယ်ပေးရန် လိုအပ်နေသည်။ နယ်စပ်ဂိတ်နှင့်ပြည်ပအဝင်အထွက်များတွင် စိစစ်စစ်ဆေးလျက် ရှိသော်လည်း တရားမဝင် ဝင်ပေါက်များမှ ရောဂါပိုးရှိသူဝင်ရောက်လာပါက အားလုံးဒုက္ခရောက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ မမြင်နိုင်သော ရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူ အပေါင်းတို့အနေဖြင့် ကျန်းမာရေးစည်းကမ်းများကို အထူးဂရုစိုက်လိုက်ကြ ရမည်ဖြစ်သည်။

ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇပြောင်းအန္တရာယ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားမှု အန္တရာယ်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကြုံတွေ့နေရပေသည်။ ယခုအချိန်အခါတွင် နိုင်ငံရေးစိတ်ခံ စားချက်ပြင်းထန်မှု၊ နိုင်ငံရေးလိုဘမပြည့်မှု၊ သဘောထားအမြင် အယူအဆကွဲလွဲမှုကြောင့် ကိုဗစ်-၁၉ ရောဂါပိုးသစ် ဖြစ်ပွားမှုကို မျက်ကွယ်ပြု၍ မိမိတို့စိတ်ဆန္ဒများကို ဦးစားပေးမိပါက ဖြစ်ပေါ်နိုင်သော ကပ်ရောဂါပိုး အန္တရာယ်သည် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များထက် အဆပေါင်းများစွာကြီးမားသည်ကို သတိပြုရ မည်ဖြစ်သည်။ သို့ဖြစ်ရာကိုဗစ်-၁၉ အန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ်ရှုမြင်၍ နိုင်ငံသား အားလုံး စုပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။