နယုန်လပြည့်နေ့ကိုမဟာသမယအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအမြတ် ထားကြသည်။ ငါးရာသော ရဟန္တာမထေရ်မြတ်တို့နှင့်တကွ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် လာရောက်ကြသော နတ်အပေါင်းတို့၏ အစည်းအဝေး၌ ထိုသို့လာရောက်သော နတ်ဗြဟ္မာ အပေါင်းတို့၏အမည်ကို ဖော်ပြရာဖြစ်သော မဟာသမယသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် သက္ကကိုင်း ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောအရပ်၌ ဟောကြားတော်မူခဲ့သည်။ မဟာသမယ ဟူသည် ကြီးကျယ်မြင့်မြတ်သည့် အချိန်အခါဟု အနက်အဓိပ္ပာယ်ရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီးကုန်သော ရဟန္တာငါးရာတို့၏ ထူးခြား ကြည်ညိုဖွယ်ရာ သံဃာ့အစည်းအဝေးကို ဖူးမြင်ရန် လာရောက်ကြကုန်သော နတ်၊ ဗြဟ္မာများ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ မဟာဝုန်တောသို့ စုရုံးရောက်ရှိနေခဲ့သည့် ထိုအချိန်အခါသည် မဟာ သမယပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမဖြင့် ဣရလျက်ငြိမ်သက် တည်ကြည်ကာ လွန်စွာကြည်ညိုဖွယ် ဆောင်သည့် ရဟန်းငါးရာတို့သည် ဒေ၀ဒဟနှင့် ကောလိယ နှစ်ပြည်ထောင်မှ မင်းပျိုမင်းလွင် လူငယ် လူရွယ်များ ဖြစ်ကြသည်။ သူတို့သည် နှစ်ပြည်ထောင်ကြားတွင် ဖြတ်သန်းစီးဆင်းနေသည့် ရောဟိဏီမြစ်ရေ ခွဲဝေသုံးစွဲရေး နှင့်စပ်လျဉ်း၍ အငြင်းအခုံမှစကာ လက်နက်စွဲကိုင် တိုက်ခိုက်ရန် ပြင်ဆင်ကာ နှစ်ဖက်တပ်များ မျက်နှာချင်းဆိုင်ထားသည့် အခြေအနေအထိ ရောက်ခဲ့ကြသည်။ စိုက်ရေးပျိုးရေးအတွက် မရှိမဖြစ်သည့် မြစ်ရေကို အသက်တမျှထင်ကာ စစ်ခင်းရန် ပြင်ဆင်နေကြ သည့် နှစ်ဖက်တပ်များအကြား မြတ်စွာဘုရားရှင် ကြွရောက်လာကာ “အဖိုးမတန်သည့် ရေအတွက် နှင့် အဖိုးတန်သည့် လူတို့၏အသက်များကို အဆုံးရှုံးခံတော့မည်လော” ဟု မေးမြန်းရာမှ အသိတရားဝင်လာကြသည်။ ဘုရားရှင်က "တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့၍ နှစ်ဦးလုံး ပျက်စီးရပုံ” ၊ “ကောလာဟလစကားကို မဆင်မခြင်ယုံမှား၍ ဆင်းရဲဒုက္ခရောက်ကြရပုံ” ၊ “ရန်သူကို အထင် မသေးသင့်ပုံ” ၊ “ စိတ်ဝမ်းကွဲ၍ မညီမညွတ်သောကြောင့် အားလုံး ပျက်စီးရပုံ” ၊ “စုစည်း ညီညွတ်ခြင်းဖြင့် ပျက်စီးခြင်းဘေးမှ ကင်းဝေးပုံ” ၊ “မိမိကိုယ်ကို ထိန်းသိမ်းဆုံးမသင့်ပုံ” ဇာတ်တော် များကို ငြိမ်းချမ်းရေးအတွက် ရှေးရှုကာ ဟောကြားတော်မူသည့်အခါ လက်နက်တို့ကိုစွန့်၍ နှစ်ဖက် ကျေအေးသွားခဲ့ကြသည်။ နှစ်နိုင်ငံပျက်စီးမည့်ဘေးမှ ကင်းဝေးကာ ငြိမ်းချမ်းရေးကို ရရှိကြသည်။ တစ်ဖက်လျှင် ၂၅၀ စီဖြင့် နှစ်ပြည်ထောင်မှ မင်းသား ငါးရာတို့ ဗုဒ္ဓဘုရားရှင်၏ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းပြုခဲ့ကြသည်။
နယုန်လပြည့်နေ့သည်- (၁) ရေလုပွဲဆင်နွှဲသည့် နှစ်ပြည်ထောင်တို့ ငြင်းခုံခိုက်ရန် ဘေးကင်း ဝေးခဲ့ရခြင်း။ (၂) နှစ်ပြည်ထောင်စစ်ခင်းမည့် အန္တရာယ်မှ ရှောင်လွှဲနိုင်ပြီး ငြိမ်းချမ်းရေးရရှိခဲ့ခြင်း။ (၃) ရဟန်း ငါးရာလုံး အရဟတ္တဖိုလ်ဆိုက်ကာ ရဟန္တာဖြစ်တော်မူခြင်း။ (၄) နတ်ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးနှင့် ရဟန်းတော်များ ဤတစ်ကြိမ်သာလျှင် စုရုံးမိခြင်း။ (၅) မဟာသမယကို အကြောင်း ပြု၍ ရန်ဘက်ဖြစ်သော ဂဠုန်နှင့် နဂါးတို့ မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း။ (၆) မဟာသမယ သုတ္တန်ခုနှစ်မျိုးကို ဗုဒ္ဓဘုရားရှင်က ဟောတော်မူခြင်းဟူသည့် ထူးခြားမှုများနှင့် ပြည့်စုံလျက်ရှိသည်။
နယုန်လပြည့် မဟာသမယအခါတော်နေ့သည် ခိုက်ရန်ဖြစ်ပွား အခြင်းများရာမှစသည့်စစ်ပွဲကို ရှောင်လွှဲ၍ ငြိမ်းချမ်းစေခဲ့သလို သံသရာစက်ရဟတ်ကို အပြီးတိုင်ဖြစ်ကာ အငြိမ်းဓာတ်ကို ရယူ သွားခဲ့ကြသည့် လောကီလောကုတ္တရာ နှစ်ဖြာသော ငြိမ်းချမ်း မှုတို့ဖြင့် ပြည့်စုံသည့်နေ့အဖြစ် အမှတ်ရကြည်ညိုနိုင်ကြပါစေကြောင်း။ ။