ယနေ့အချိန်ကာလတွင် မြို့ရွာများ၌ မတည်ငြိမ်မှုများနှင့်အတူ ပြည်သူများအား အန္တရာယ်ပြုသော အမှုကိစ္စများ နေ့စဉ်ကြားသိနေရသည်။ ရပ်ရွာများအတွင်း အေးချမ်းစွာနေထိုင်ကြသော ပြည်သူများ အား အစွန်းရောက်နိုင်ငံရေးသမားများ၊ အစွန်းရောက်အကြမ်းဖက်သူများ၊ မသမာသူများက ငွေပေး စေခိုင်းသည့် အဖျက်သမားများ၊ ဒုစရိုက်သမားလူမိုက်များလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ အမြောက်အမြား ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ကြသည်ကို ကြားသိနေရသည်။
တပ်မတော်သည် နိုင်ငံတော်အပေါ်ကျရောက်လာမည့် ပြည်တွင်းရန်၊ ပြည်ပ ရန်တို့ကို ကာကွယ် စောင့်ရှောက်ပေးရေးသာမက ပြည်သူများ၏အသက်စည်းစိမ် ဥစ္စာတို့ကို သမိုင်းအစဉ်အဆက် ယနေ့ထက်တိုင်အောင် ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်။ ယနေ့အချိန်အခါတွင် မြို့ရွာများ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒုက္ခရောက်နေ သည့် မည်သည့်ပြည်သူတစ်ဦးတစ်ယောက်ကိုမဆို၊ မည်သည့်ပြစ်မှုမှ ကျူးလွန်ခြင်း မရှိသည့် အပြစ်မဲ့ပြည်သူ မည်သူတစ်ဦးတစ်ယောက်ကိုမဆို အစဉ်အမြဲကာကွယ် စောင့်ရှောက်ပေးလျက် ရှိသည်။
ထိုသို့ကာကွယ်စောင့်ရှောက်ပေးလျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းအလိုက် ကာကွယ်ပေးနိုင်ရန်မှာ အခက်အခဲများစွာရှိသည်။ သို့သော် ပြည်သူ တို့အား ထိခိုက်ပျက်စီးစေရန် စတင်ဆောင်ရွက်သည်နှင့် လုံခြုံရေးတပ်ဖွဲ့အား ချက်ချင်း အကြောင်း ကြား၊ အချိန်မီပြောဆိုခြင်းရှိပါက ဆောလျင်စွာ ချက်ချင်းရောက်ရှိ ကာကွယ်စောင့်ရှောက်ပေး နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ပြည်သူများ လုံခြုံရေးအတွက် လိုအပ်မှုရှိသော နေရာများ တွင်လည်း လုံခြုံရေးကို နေ့ညမပြတ် တိုးမြှင့်ဆောင်ရွက်ပေးနေသည် ကိုတွေ့ရသည်။ မြန်မာနိုင်ငံ အတွင်းရှိမြို့နယ်တိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များရှိပြီး အဓိကမှာ တစ်စုံတစ်ရာအကြောင်းကိစ္စ ရှိသည်နှင့် ပြည်သူများက ချက်ချင်း အကြောင်းကြားရန် လိုအပ်သည်။
ယနေ့အချိန်အခါတွင် CRPH၊ NUG နှင့် NLD တို့ကို မထောက်ခံသူ၊ မတူကွဲပြားသူတို့အား မသမာသူ များက အကြမ်းဖက်ရန်ပြု နေကြသည်ကို မြင်တွေ့ကြားသိ နေရသည်။ ပြည်သူများအနေဖြင့် မိမိတို့ အန္တရာယ်မကျရောက်ရေးအတွက် ကာကွယ်စောင့်ရှောက်ပေးမည့်သူနှင့် ပြန်လည်ခုခံကာကွယ် နိုင်မည့်အရေးကိုမျှော်လင့်နေကြသည်။ ပြည်သူများ အကာအကွယ်ရရှိရေးအတွက် ပြဋ္ဌာန်းထား သော ဥပဒေသည် အကာအကွယ်ဖြစ်သည်။ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုကို ရယူနိုင်ပေ သည်။ လုံခြုံရေးတပ်ဖွဲ့များအား သတင်းပို့အကြောင်းကြားနိုင်သလို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၀၀ အရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် လူတိုင်းတွင် ရှိသည်။ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ လုပ်ဆောင်သည့် လုပ်ဆောင်မှုသည် ပြစ်မှုမမြောက်စေရဟု ပြဋ္ဌာန်းထားသည်။
သို့သော် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်တွင် စည်းမျဉ်းများရှိသည်။ အကြမ်း ဖက်သမားများက မိမိတို့၏အသက်အန္တရာယ်ကိုရန်ရှာခြင်း၊ မိမိနှင့် မိမိပတ်ဝန်း ကျင်ကိုရန်ရှာ၍ ခုခံကာကွယ်ခြင်း သည် ရာဇသတ်ကြီးဥပဒေပုဒ်မအရ ပြစ်မှုမြောက်စရာ အကြောင်းမရှိပေ။ ဥပဒေကြောင်းအရ အကာ အကွယ်သည် အစဉ်အဆက်ရှိခဲ့ပြီးဖြစ်သည်။ ရှေးယခင်ကရပ်ရွာများအား ဖျက်ဆီးနှောင့်ယှက်သော အဖျက်သမားသောင်းကျန်းသူများအား ဥပဒေနှင့်အညီ ရပ်သူရွာသားများက စုပေါင်းကာကွယ် ခဲ့ကြသည်။ ပြည်သူများအနေဖြင့် အကာအကွယ်ကို အမှန်တကယ် ရယူလိုမှု၊ ညီညီညွတ်ညွတ်ဖြင့် မိမိရပ်ရွာ၊ မိမိတို့ရပ်သူ၊ ရွာသားအားလုံးတို့ကို ကာကွယ်ပေးလိုစိတ်ရှိရန် လိုအပ်သည်။ ညီညွတ်လျှင် အောင်မြင်မည်ဖြစ်ပြီး မညီညွတ်လျှင် အန္တရာယ်ကျရောက်နေမည်သာဖြစ်သည်။
ဥပဒေအရ ပြည်သူများအနေဖြင့် မည်သူမျှ လက်နက်ကိုင်ဆောင်ခွင့်မရှိပေ။ ပုဂ္ဂလိကအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုမှသာ ဥပဒေအရ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ခွင့် ရှိသည်။ မြန်မာနိုင်ငံကို ကာကွယ်ရေးအတွက် ပြည်ပရန်ကာကွယ်ရေးတွင် တပ်မတော်သည် အဓိကတာဝန်ရှိသည်။ ပြည်တွင်း အကြမ်းဖက်မှုရန်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသည်။
တိုင်းပြည်ရန်စွယ်အန္တရာယ်များကို ကာကွယ်ရာ၌ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် အတတ်နိုင်ဆုံး နေရာဒေသမရွေး ကာကွယ်ပေးလျက်ရှိသော်လည်း တစ်နိုင်ငံလုံးလူဦးရေအရဆိုလျှင် လုံခြုံရေး တပ်ဖွဲ့ အင်အားသည် နှစ်ရာခိုင်နှုန်းသာရှိသဖြင့် မိမိတို့ရပ်ရွာလုံခြုံရေးကို ရပ်ရွာပြည်သူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကြောင့် ပြည်တွင်းအဖျက်အန္တရာယ်များကို အမြစ်ပါမကျန် တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည့် သမိုင်း အထောက်အထားများရှိသည်။
သို့ဖြစ်ရာ မြို့ရွာများ တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာနေပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင် နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ အသိတရားဖြင့် ဝိုင်းဝန်းကူညီအသိပေး၍ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။