နေပြည်တော် ဧပြီ ၂၁
နေပြည်တော်ကောင်စီနယ်မြေ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်းမရှိစေရန်နှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆည်ရေသောက်လယ်များသို့ အချိန်တိုအတွင်း စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဆင်သေဆည်ရေ သောက်စနစ်ရှိ လက်ဝဲမြောင်းမှ နွေသီးနှံများအတွက် စိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရန် ပင်မမြောင်းအတွင်းသို့ ရေစတင်ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
မန္တလေး ငလျင်ကြီးကြောင့် ကျိုးပေါက်ပျက်စီးခဲ့ရပြီး ရေသောက်စနစ်အတွင်းရှိ စိုက်ပျိုးပြီးနွေစပါးနှင့် နွေသီးနှံများအတွက် စိုက်ပျိုးရေပေးဝေမှု နှောင့်နှေးခဲ့ရသော ဆင်သေရေလွှဲဆည် (ဒဟတ်ကုန်းဆည်) အားလိုအပ်သော ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်စဉ် ကာလအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေသီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် အချိန်မီစိုက်ပျိုးရေပေးဝေနိုင်ရန် လက်ဝဲမြောင်းမကြီးသို့ အနိမ့်တင်ရေတင် စက်အသုံးပြု၍ ယနေ့နံနက် ပိုင်းမှစတင်ကာရေများ စတင်ပို့လွှတ်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား ရေသောက်စနစ်အတွင်းရှိ လျာထားဧရိယာ အားလုံးသို့ စိုက်ပျိုးရေ အမြန်ဆုံးရောက်ရှိစေရေး၊ ယာယီမြေသား တမံကြံ့ခိုင်တောင့်တင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားသည်။
လက်ယာ မြောင်းမကြီးသို့ ဆင်သေရေလှောင်တမံ၏ ရေဆင်းဧရိယာမှ ရေများအားရေသွယ်မြောင်းတူးဖော်၍ တိုက်ရိုက်ရေပေးသွင်းခြင်းကို ဧပြီ ၁၇ ရက် မှ စတင်ဆောင်ရွက်နိုင်ခဲ့ရာ မြောင်းမကြီးနှင့် လက်တံမြောင်းများ တစ်လျှောက်ရှိ နွေစပါးအပါအဝင် နွေသီးနှံစိုက်ဧရိယာ ဧက၁၂၀၀ ကျော် လျာထားဧရိယာ၏ ၆၀ ရာခိုင်နှုန်းသို့ ရေပေးသွင်း နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ရေလွှဲဆည်အတွင်း ရေခေါ်မြောင်းတူးဖော်၍ ရေစုဧရိယာမှတစ်ဆင့် ရေတင်စက်အသုံးပြုကာ လက်ဝဲမြောင်းမကြီးသို့ ယနေ့နံနက်ပိုင်းမှစတင်၍ ရေပေးသွင်းနိုင်ခဲ့ပြီး လက်တံမြောင်းများမှတစ်ဆင့် စိုက်ကွင်းများသို့ အချိန်မီရေရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ကုန်းမြို့နယ် မယ်ဇလီကျင်း ကျေးရွာအနီး ဆင်သေရေလှောင်တမံ၏ ဆည်ရေများကို ရေသောက်စနစ်သို့ ထိန်းညှိပို့လွှတ်ပေးလျက်ရှိသည့် ဆင်သေရေလွှဲဆည် (ဒဟတ်ကုန်းဆည်) ပြုပြင်ခြင်း လုပ်ငန်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားများဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ မြေသားတမံပြီးစီးမှုအပေါ်မူတည်၍ ပင်မတမံကြီးမှ ပို့လွှတ်ပေးသောရေများကို စုဆောင်းထိန်းသိမ်းလျက်ရှိပြီး သတ်မှတ်သိုလှောင်ရေအမှတ်ရောက်ရှိပါက မူလစိုက်ပျိုးရေ ဖြန့်ဝေမှုစနစ်အတိုင်း လက်ဝဲလက်ယာ မြောင်းမကြီးများမှ စိုက်ပျိုးရေများ လိုအပ်သလောက် ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်