Skip to main content

နေပြည်တော် သပြေကုန်းအဝိုင်းအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ပြခန်း တွင် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ  ၁၂

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်ဖွင့်ပွဲကို ယင်းနေ့နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ  ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်ပြခန်းကို စတင် ခင်းကျင်းပြသလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ ရဲဘော်သုံးကျိပ်နှင့် တပ်မတော်သားဘဝ၊ နိုင်ငံရေးသမားဘဝ၊ မိသားစုဘဝနှင့် နိုင်ငံခြားခရီးစဉ်ဓာတ်ပုံများအပြင် ဗိုလ်ချုပ် အောင်ဆန်း၏ လက်ရေးမူများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးသားဖွဲ့ဆိုထားသည့် ကဗျာအပါအဝင် စာအုပ် စာစောင်များကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူခင်းကျင်းပြသလျက်ရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

ပြခန်းသို့ လာရောက်ကြည့်ရှုသူ ပျဉ်းမနားမြို့နေ ဦးလှမြင့်က “ဗိုလ်ချုပ်ကြေးရုပ်ကြီးကို စတင်တည်ဆောက်ကတည်းက စိတ်ဝင်စားခဲ့ရတယ်။ အခုလို ပြီးသွားတော့ အင်မတန်မှ ထည်ထည်ဝါဝါရှိပြီး ကျက်သရေရှိတယ်၊ အခုပြခန်းမှာလည်း ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးသမားဘဝ ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေ၊ တက္ကသိုလ်ကျောင်းသားဘဝရဲ့မှတ်တမ်းတွေကို တွေ့ခဲ့ရတဲ့ အတွက် အတွေ့အကြုံလည်းရတယ်၊ ဗဟုသုတလည်းရတယ်၊ အရင်တုန်းက ဗိုလ်ချုပ်ရဲ့ အကြောင်းတွေကို အပြင်မှာပဲ ကြားရတယ်၊ အခုကြတော့ လက်တွေ့သိရတယ်၊ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းစာအုပ်တွေကိုလည်းဝယ်ပါတယ်၊ အင်မတန်မှ ဂုဏ်ယူတယ်၊ ဝမ်းသာတယ်၊ ကျွန်တော့်ရဲ့မြေးတွေ သားသမီးတွေကိုလည်း လာပြဦးမှာပါ” ဟု ပြောသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ပြခန်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညပိုင်း အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်(သုတေသန)