မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်လက်ခံကျင့်သုံးချိန်မှစ၍ အသိအမှတ်ပြု တရားဝင်မီဒီယာများ ရာဂဏန်းကျော်ရှိလာသည်။ မီဒီယာတစ်ခု ရပ်တည် ရှင်သန်ရေးမှာ လွယ်ကူသည့်အလုပ် မဟုတ်သော်လည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ရပ်တည်ချက်အမျိုးမျိုးဖြင့် ငွေကြေးစိုက်ထုတ် လုပ်ကိုင်နေကြသည်။ ယနေ့အချိန်အခါတွင် စီးပွားရေး၊ လူမှုရေးအရ ရပ်တည်နိုင်သည့် မီဒီယာများ အနည်းငယ်သာရှိတော့ပြီး နိုင်ငံရေးကိုနောက်ခံပြု၍ နောက်ကွယ်မှငွေကြေး ထောက်ပံ့ပေးနေသော မီဒီယာများ အမြောက်အမြားရှိလာသည်။
နိုင်ငံရေးကို ဦးစားပေး ထုတ်လွှင့်ဖော်ပြလျက်ရှိသော ပြည်တွင်းသတင်း အရင်းအမြစ် တရားမဝင် မီဒီယာများနှင့် ပြည်ပအခြေစိုက် ပြည်တွင်းသတင်း ဖော်ပြသော မီဒီယာများ အားလုံးနီးပါးသည် ပြည်ပအထောက်အပံ့ခံများသာ များကြသည်။ မည်သည့်သတင်းမီဒီယာဖြစ်စေ ဆိုင်ရာဆိုင်ရာ လိုက်နာကျင့်သုံးရ မည့် ကျင့်ဝတ်၊ စီမံခန့်ခွဲမှု၊ လုပ်ထုံးလုပ်နည်း code of ethic, code of conduct, code of practice တို့ရှိသည်။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် လိုက်နာရမည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေလည်းရှိသည်။ နိုင်ငံတကာတွင် ပြဋ္ဌာန်းထားသည့် သတင်းစာပညာကျင့်ဝတ်များလည်း ရှိသည်။
သို့သော် ပြည်ပအခြေစိုက် ပြည်တွင်းမီဒီယာများနှင့် ပြည်တွင်း တရားမဝင်မီဒီယာများသည် မြန်မာနိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးထက် အကျိုး စီးပွားပျက်စီးရေး သတင်းများသာ တစိုက်မတ်မတ် ထုတ်လွှင့်ဖြန့်ဝေနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်သူပြည်သားများသာမက ကမ္ဘာ့ပြည်သူ ပြည်သားများကို သတင်းအဆိပ်သင့်အောင်၊ နိုင်ငံနှင့်လူမျိုး ပျက်စီးရာပျက်စီး ကြေကြောင်းဖြစ်ပေါ်လာအောင် တိကျသေချာမှုမရှိသော သတင်းများ၊ မမှန်သတင်းများ၊ ဘက်လိုက် သတင်းများ စသည်တို့အပြင် ဖြစ်စဉ်ဖြစ်ရပ်အပေါ် ပိုမိုချဲ့ကား ပုံဖော်နေသည့် သတင်းများကို တွင်တွင်ပြုလုပ်နေကြသည်။
ဖော်ပြပါသတင်းမီဒီယာများ အနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစွာ၊ ရိုးသား ဖြောင့်မတ်စွာဖြင့် သတင်းမီဒီယာ လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက လေးစားထိုက်သော သတင်းစာပညာ၊ လိုက်နာအပ်သော သတင်းမီဒီယာကျင့်ဝတ် များနှင့်အညီ မှန်မှန်ကန်ကန် ရေးသားဖော်ပြ ထုတ်လွှင့်ကြရန် အထူးလိုအပ်ပေသည်။ မိမိတို့သည် ပြည်ပအထောက်အပံ့ခံစားခွင့်များ ယူထားကြသူများဖြစ်၍ ထောက်ပံ့ သူများအလိုကျ လုပ်ကိုင်လေ့ရှိသော်လည်း မိမိတို့သည် မြန်မာနိုင်ငံတွင် မွေးဖွားသော မြန်မာနိုင်ငံသားများဖြစ်၍ မြန်မာနိုင်ငံ၏ကျေးဇူးကို သိနားလည်ရန် လိုအပ်သည်။ သို့သော် မြန်မာနိုင်ငံသား မြန်မာလူမျိုးများဖြစ်သော်လည်း မိမိနိုင်ငံ၊ မိမိလူမျိုး ပျက်စီးရာပျက်စီးကြောင်း သတင်းများ ရေးသားထုတ်လွှင့်နေကြသည်မှာ စိတ်မကောင်းဖွယ်ဖြစ်ရသည်။
အဆိုပါ သတင်းမီဒီယာများသည် လက်ရှိနိုင်ငံတော်ကို တာဝန်ယူနေသော အစိုးရဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား military council (သို့မဟုတ်) military junta (သို့မဟုတ်) junta ဟု သတင်းများတွင် သုံးနှုန်းဖော်ပြခြင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအမြစ်မရှိသော သတင်းမှားများကို ကိုးကား ချဲ့ကား ရေးသားဖော်ပြခြင်းများ ပြုလုပ်နေကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ပြီး အာဏာသိမ်းအစိုးရ မဟုတ်ကြောင်း အတိအလင်း ရှင်းလင်းပြောကြားထားပြီး ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြဋ္ဌာန်းထားသော ကျင့်ထုံး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြောင်း ကိစ္စများနှင့်ပတ်သက်၍ မှန်ကန်တိကျသော သတင်းအချက်အလက်များကို နေ့စဉ်ထုတ်ပြန်ပေးလျက် ရှိသည့်အပြင် သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး အတွက် သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းမေးမြန်းမှုများအား မှန်ကန် မြန်ဆန်စွာ ဖြေကြားခြင်းများကို ပြုလုပ်ပေးလျက်ရှိသည်။
ယခုအခါတွင် သတင်းအကြောင်းများ ရေးသားဖော်ပြဖြန့်ဝေခြင်းတို့နှင့် ပတ်သက်၍ မမှန်မကန် သတင်းများ၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပုန်ကန်သည့် သတင်းများအား လက်ရှိတွင် ဥပဒေ၊ ကျင့်ဝတ်များကို ဖောက်ဖျက်မျက်ကွယ် ပြုကာ ပြုလုပ်လျက်ရှိ၍ သတင်းမီဒီယာဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေတို့နှင့် အရေးယူခြင်းခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအား ပြည်ပသတင်းဌာနအချို့နှင့် တရားမဝင်သတင်းဌာနများက military council (သို့မဟုတ်) military junta (သို့မဟုတ်) junta ဟု သုံးနှုန်းနေမှုများကို နောင်တွင် သုံးစွဲမှု မပြုလုပ်ရန်နှင့် အသုံးအနှုန်း လွဲမှားသုံးစွဲခြင်း၊ သတင်းအမှားများ ကိုးကား ချဲ့ကားဖော်ပြခြင်း၊ သတင်းအမှားများ ဖြန့်ဝေခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း။ ။