Skip to main content

“ဗန်တိုလူလေးနှင့် သူဇာ” ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီဆု ဆွတ်ခူးရရှိခဲ့သည့် ဂန္ထဝင်အနုပညာရှင်မင်းသားကြီး ဦးညွန့်ဝင်း ကွယ်လွန်

ရန်ကုန် ဇူလိုင် ၁ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ခုနှစ်ဆုကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော ခုနှစ်ထပ်ကွမ်း အကယ်ဒမီများရှင် ဂန္ထဝင်အနုပညာရှင်ကြီး မင်းသားကြီး ဦးညွန့်ဝင်း (၈၂) နှစ် သည် လူကြီးရောဂါဖြင့် နေအိမ်၌ ယနေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ရွှေမန်းသဘင် အနုပညာမျိုးဆက်အဖြစ် အနုပညာလောက၌ အနုပညာမျိုးရိုးဂုဏ်ကြီးခဲ့သော ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး ဦးညွန့်ဝင်းအား သထုံမြို့နယ် ဇွဲကလာကျေးရွာ၌ ၁၉၄၀ ပြည့်နှစ် မတ် ၁၉ ရက်တွင် ဖခင်အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်နှင့် မိခင်ဒေါ်သိန်းညွန့် တို့က မွေးဖွားပြီး မွေးချင်းခုနစ်ဦးအနက် အကြီးဆုံးသားဖြစ်ကာ ဖခင်ကွယ်လွန်ပြီးနောက် မောင်နှမအားလုံးက ရိုသေလေးစားရသည့် ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးညွန့်ဝင်းသည် မန္တလေးအမျိုးသားကျောင်းနှင့် ရန်ကုန်စိန့်ဖရန့်စ်ကျောင်းတို့၌ ပညာသင်ယူခဲ့ကြောင်း၊ အသက် ၁၀ နှစ်အရွယ်မှ ၂၀ နှစ်အရွယ် အထိအိန္ဒိယနိုင်ငံ ဒါဂျီလင်းတက္ကသိုလ်၌ ဆက်လက် ပညာ သင်ယူခဲ့ပြီး ထိုမှတစ်ဆင့် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်တက္ကသိုလ်၌ ရေဒီယိုပညာရပ်ကို သင်ယူခဲ့ကာ ရေဒီယိုအီလက်ထရောနစ်ဒီပလိုမာရရှိ ခဲ့၍ အမေရိကန်နိုင်ငံ အော်ရီကန်စတိတ် တက္ကသိုလ်၌ ဇာတ်ခုံအလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာဒီပလိုမာကို သင်ယူခဲ့ကြောင်း လည်း သိရသည်။

ဖခင်အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ သဘင်လုပ်ငန်းတွင် ပါဝင်နိုင်ရန် ကြိုးစားခဲ့သော် လည်း မြန်မာဇာတ်သဘင်လောကနှင့် အလှမ်းဝေးကွာခဲ့၍ လိုအပ်ချက်များစွာရှိနေသည်ကို သိရှိပြီးနောက် ဇာတ်စင်ပေါ်သို့တက်ရန် ဝန်လေးနေခဲ့ကာ ဖခင်၏နောက်သို့ လိုက်ရန် ကြိုးပမ်းစရာ မြောက်မြားစွာ ရှိနေသည်ကို ရိပ်စားမိပြန်၍ ၎င်းသင်ယူခဲ့သည့် ရေဒီယိုပညာရပ်ဖြင့် ရေဒီယိုလုပ်ငန်းတည်ထောင်ရန် ကြိုးစားခဲ့ကြောင်း၊ ထိုအခိုက် မြဇော်ဖလင်မှ ကမ်းလှမ်းလာမှုကြောင့် “သတို့သမီးအလိုရှိသည်” ဇာတ်ကားဖြင့် ရုပ်ရှင် လောကသို့ ပထမဆုံးဝင်ရောက် ခဲ့ပြီး သရုပ်ဆောင် ကြည်စိုး၊ အောင်တင်၊ ခင်သန်းနု၊ အေးအေးသင်း၊ ဘေဘီနွဲ့တို့နှင့် ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒါရိုက်တာ အေဝမ်းတင်မောင် ရိုက်ကူးသော “မမထားနဲ့ အပါ” ဇာတ်ကားကြောင့် ပရိသတ်လက်ခံမှုကိုရရှိခဲ့ရာ ၎င်းဇာတ်ကားအတွက် သရုပ်ဆောင်ခမယူဘဲ ပါဝင်သရုပ် ဆောင်ခဲ့ပြီး မင်းသမီးကြီး ဒေါ်မြင်မြင့်ခင်ကလည်း ၎င်းအား လက်တွဲခေါ်ယူခဲ့ကြောင်း၊ ရုပ်ရှင်လောကတွင် မင်းသားညွန့်ဝင်းဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သည့် ရုပ်ရှင် ဇာတ်ကားမှာ ၁၉၆၈ ခုနှစ်တွင် ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးသည့် “ဗန်တိုလူလေး နှင့်သူဇာ” ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကားဖြင့်ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိ ခဲ့ကြောင်း၊ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးညွန့်ဝင်းသည် အလုပ်ကြိုးစားသူတစ်ဦးဖြစ်ကာ ရုပ်ရှင်ရိုက်ကွင်းများသို့ သတ်မှတ်ချိန်ထက် နာရီဝက် ကြိုရောက်သူတစ်ဦးဖြစ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းနောက်ပိုင်း နာမည်ကြီးလာမှုနှင့်အတူ ၁၉၇၁ ခုနှစ်တွင် “ချစ်သူဝိုင်းဝိုင်းလည်”၊ ၁၉၈၃ ခုနှစ်တွင် “ တတိယအရွယ်၏ဒုတိယဝေဒနာ” စသည့် ဇာတ်ကားများဖြင့် အမျိုးသားဇာတ်ဆောင်ဆု သုံးဆု ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် “သီတာခုနှစ်တန်”၊ ၁၉၉၇ ခုနှစ်တွင် “သူ့ကျွန်မခံပြီ”၊ ၂၀၀၂ ခုနှစ်တွင် “ဆန်ရေ” နှင့်၂၀၀၄ ခုနှစ်တွင် “လျှို့ဝှက်သောနှင်း” စသည့် ရုပ်ရှင်ဇာတ်ကားများဖြင့် အမျိုးသားဇာတ်ပို့ ဆုများရရှိခဲ့ကာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ထူးချွန်ဆု ခုနစ်ဆုအထိ ဆွတ်ခူးရရှိထားသူလည်း ဖြစ်သည်။ အနုပညာသက်တမ်းတစ်လျှောက် အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီခင်သန်းနုတို့နှင့်အတူ အများဆုံး တွဲဖက်သရုပ်ဆောင် ခဲ့ကြောင်းလည်း သိရသည်။

ခုနစ်ထပ်ကွမ်းအကယ်ဒမီများရှင် မင်းသားကြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့်သားသမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

 

စိုးမြင့်အောင်